နွေရာသီ အပြောင်းအရွှေ့

June 28, 2020

ဆန်ချိုကို နွေရာသီ အပြောင်းအရွှေ့ခေါ်ရန် မဖြစ်နိုင်ဟု ကလော့ပ် ထုတ်ပြော

ဂျေဒန်ဆန်ချိုဟာ လီဗာပူးအသင်းရဲ့ အနီရောင်ဝတ်စုံနဲ့ တော်တော်လေးကြည့်လို့ကောင်းမှာဖြစ်ပေမယ့် ဒီကစားသမားကို အခုနွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ မဖြစ်လာနိုင်လောက်ဘူးလို့ လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က ပြောပါတယ်။ ဒေါ့မွန်အသင်းရဲ့ တောင်ပံကစားသမား ဆန်ချိုဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အခုလာမယ့်အပြောင်းအရွှေ့ ဦးစားပေးပစ်မှတ်ဖြစ်ပါတယ်။  ဒါပေမဲ့ ယူနိုက်တက်အသင်းအနေနဲ့ ဆန်ချိုကို ခေါ်ယူဖို့ ချဲလ်ဆီးအသင်း အပါအဝင် ဥရောပ ထိပ်သီးအသင်းတွေနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။  ဒေါ့မွန်အသင်းဘက်ကတော့ သူတို့ကစားသမားကို ဒီနွေရာသီအပြောင်းအရွှေ့မှာ ရောင်းထုတ်သွားမယ်လို့ ယူဆရပေမယ့် ဒီအင်္ဂလန်လက်ရွေးစင်အတွက်ပေါင်သန်း ၁၀၀ အထက်မှ မရရင်တော့ လက်လွှတ်ခံမှာ မဟုတ်ပါဘူး။ ဒီပြောင်းရွှေ့ကြေးကြောင့်ပဲ ဆန်ချိုကို ခေါ်ယူချင်တဲ့ ကလပ်အသင်းတော်တော်များများ ရှိနေပြီး ဒီကစားသမားဟာ ဒေါ့မွန်အသင်းမှာ နောက်တစ်ရာသီလောက် ထပ်ရှိနေမယ်လို့ ယူဆမိကြောင်း ကလော့ပ်က သုံးသပ်ပါတယ်။  အသက် ၂၀ အရွယ် တိုက်စစ်မှူးကို လီဗာပူးအသင်းကရော ခေါ်ယူဖို့ အခြေအနေ ရှိ၊ မရှိနဲ့ ပတ်သက်လို့ မေးမြန်းခဲ့ရာမှာ ကလော့ပ်က “ဂျေဒန်ဆန်ချိုနဲ့ဆို အနီရောင်ဂျာစီက တော်တော်လေးကြည့်လို့ ကောင်းမှာ။ ဒါပေမဲ့ ကျနော့်အထင် ဒီအပြောင်းအရွှေ့ဟာ အခုနှစ်နွေရာသီမှာ ဖြစ်လာဖို့ မရှိပါဘူး။ သူဟာ အရမ်းကို စိတ်ဝင်စားဖို့ကောင်းတဲ့ ကစားသမားပါ။ သူသာ လီဗာပူးအသင်းကို ပြောင်းရွှေ့လာမယ်ဆိုရင် ဒါဟာ အားလုံးအတွက် အံအားသင့်စရာကိစ္စတခု ဖြစ်လာနိုင်ပါတယ်” လို့ ပြောပါတယ်။ ဒါ့အပြင် ကလော့ပ်က သူ့ရဲ့ပရီးမီးယားလိဂ်ချန်ပီယံဆုရ လူစာရင်းကို အင်အားဖြည့်သင့်တယ်ဆိုတဲ့ ထောက်ပြမှုကိုလည်း ပယ်ချခဲ့ပါတယ်။  “ကျနော့်အသင်းကို ပြုပြင်ဖို့ လိုအပ်မယ် မထင်ပါဘူး။ ကျနော့်အနေနဲ့ ဒီလူစာရင်းဟာ ဘောလုံးလောကကို စိုးမိုးထားမယ်လို့ အာမခံနိုင်သလို ဒီအသင်းအတွက် ပြုပြင်မှုတွေအကြောင်း  ပြောဖို့မလိုဘူးလို့လည်း ထင်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ရဲ့ အဓိကရည်မှန်းချက်ဟာ အသင်းရဲ့ အခြေအနေကို အတူတကွ ဆက်လက်ထိန်းသိမ်းထားဖို့ပါပဲ။ ကျနော့်ကစားသမားတွေဟာ အခုချိန်မှာ ဘောလုံးအသက်အရွယ်အရ အကောင်းဆုံးအနေအထားကို ရောက်ရှိနေပါတယ်။”
1 year Ago
Up