နွား အရေပြား အကျိတ်နာရောဂါ

November 4, 2020

စစ်ကိုင်းတိုင်းတွင် နွားများ အရေပြား အကျိတ်နာရောဂါ ဖြစ်ပွားနေ  

စစ်ကိုင်းဒေသကြီးရှိ ယင်းမာပင်၊ တန့်ဆည်၊ အင်းတော်နဲ့ မော်လိုက်မြို့နယ်တွေမှာ Lumpy Skin Disease လို့ခေါ်တဲ့ နွားအရေပြားအကျိတ်နာရောဂါ ဖြစ်ပွားနေပြီး နွားတချို့ သေဆုံးမှုတွေ ရှိနေပါတယ်။ ဗိုင်းရပ်စ်ပိုးကြောင့် ဒီရောဂါဖြစ်ပွားကာ ရောဂါပိုးနဲ့ ထိတွေ့ထားတဲ့ အသုံးအဆောင်ပစ္စည်းတွေ၊ မှက်၊ ခြင်၊ ယင်တို့ကတဆင့်လည်း ကူးစက်နိုင်ပြီး နွား ၁၀ ကောင်ဖြစ်ရင် ၁ ကောင်၊ နှစ်ကောင် စသဖြင့် သေဆုံးမှုလည်းရှိတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ရောဂါနဲ့ပတ်သက်လို့ အတိအကျသိရှိနိုင်အောင် ဓာတ်ခွဲခန်းကို ပေးပို့ထားကာ စစ်ဆေးနေတယ်လို့ တိုင်းတိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတာဝန်ရှိသူက ပြောပါတယ်။ တိုင်းတိရစ္ဆာန် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနဦးစီးမှူး ဒေါက်တာမြင့်စိုးက “ဓာတ်ခွဲခန်း ပို့ပြီး အဖြေစောင့်နေတာပေါ့။ အများဆုံး တွေ့ရတာကတော့ Lumpy Skin Disease ခေါ်တာပေါ့။ အရေးပြားပေါ်မှာ အဖုတွေပေါက်ပြီး ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ရောဂါ။ ရာသီဥတုကြောင့်လို့ တထစ်ချ ပြောလို့တော့မရဘူး။ ဗိုင်းရပ်စ်ဆိုတော့ ကူးစက်နိုင်တဲ့ရောဂါတော့ ဖြစ်တာပေါ့။ အဲဒါအတွက်လည်း ဆောင်ရွက်နေတယ်။ တချို့လည်း ကာကွယ်ဆေးရှာနေတယ်။ ကာကွယ်ဆေး ထိုးရရင်လည်း ကာကွယ်ဆေးထိုးမယ်ပေါ့။ အရေးကြီးကူးစက်ရောဂါထဲတော့ မပါဘူး။ ကျွဲ နွား တိရစ္ဆာန်တွေမှာ ကူးစက်နိုင်တဲ့ရောဂါတစ်ခုတော့ ဟုတ်တယ်” လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့ကလည်း မောက်လိုက်မြို့နယ်၊ ဇီးခုံကျေးရွာမှာ ဒီရောဂါကြောင့်ပဲ ခိုင်းနွားတစ်ကောင် သေဆုံးခဲ့ပါသေးတယ်။ နောက်ထပ်လည်း အကောင် ၃၀ လောက် ဒီရောဂါ ကူးစက်ခံထားရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “နွားကတော့ အရွယ်စုံ၊ အထီးရော အမရော ဖြစ်တာပဲ။ ရောဂါစဖြစ်တာကတော့ အခု ရေတက်ခါနီးမှစတာ။ ၁ ပတ်လောက်တော့ ရှိသွားပြီပေါ့။ ရိုးရိုးပဲ ထင်ကြတာ အစက။ ၃ ရက်အတွင်း အပွားပိုမြန်လာတာ”လို့ ဒေသခံ ဦးဌေးအောင်က ပြောပါတယ်။ သက်ဆိုင်ရာဌာနကတော့ ကွင်းဆင်းစစ်ဆေးတာတွေ လုပ်နေပြီး ကာကွယ်ဆေးရရှိရေးလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဦးစီးဌာနရဲ့ လက်ကမ်းစာစောင် ဖော်ပြချက်အရတော့ ထိရောက်တဲ့ ကုသဆေးမရှိသေးဘူးလို့ သိရပါတယ်။ လတ်တလောမှာတော့ ရောဂါပိုးကူးစက်ခံရတဲ့ တိရစ္ဆာန်ကို သီးသန့်ထားတာ၊ နေရာတွေကို ဆေးဖျန်းတာ၊ ကာကွယ်ဆေးထိုးတာတွေပဲ လုပ်ဆောင်နိုင်တာပါ။  ဒီရောဂါကိုတော့ ၁၉၂၉ ခုနှစ်မှာ ဇမ်ဘီယာနိုင်ငံကနေ စတင်တွေ့ရှိခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ အိမ်နီးချင်း အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် စတဲ့နိုင်ငံတွေမှာ စတင်တွေ့ရှိခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။
1 year Ago
Up