နျူဓာတ်အားပေးစက်ရုံ

January 13, 2020

ကနေဒါ နျူဓာတ်အားပေးစက်ရုံ မှားယွင်းသတိပေးချက် ထုတ်ပြန်

ကနေဒါနိုင်ငံရဲ့အကြီးဆုံးမြို့ တိုရွန်တိုနားက နျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေး စက်ရုံကြီးမှာ မတော်တဆဖြစ်လို့ ဇန်နဝါရီ ၁၂ ရက်က တပ်လှန့်အချက်ပေးသံကို မှားယွင်း ထုတ်ပြန်ခဲ့မိပါတယ်။ ဒေသစံတော်ချိန် မနက် ၇ နာရီခွဲလောက်မှာ အိုတေရီအိုခရိုင်သား လက်ကိုင်ဖုန်း သုံးသူ တယောက်ဟာ ပစ်ကာရင်း နျူကလီးယားစွမ်းအင်သုံးဓာတ်အားပေးစက်ရုံမှာ မတော်တဆ ဖြစ်နေတယ်ဆိုတဲ့ တပ်လှန့် သတိပေးချက်ကို လက်ခံရရှိခဲ့တာပါ။ အွန်တေရီအို စွမ်းအင်ထုတ်လုပ်ရေးအာဏာပိုင်တွေက အချိန်တနာရီ မပြည့်ခင်မှာပဲ တပ်လှန့်ချက် မှားယွင်း ထုတ်ပြန်မိကြောင်း ပြောခဲ့ပါတယ်။ “အရေးကြီးတဲ့ နောက်ဆက်တွဲသတင်းပါ။ ပြည်သူတွေအတွက်ရော သဘာဝပတ်ဝန်းကျင်အတွက်ပါ ဘယ်လိုအန္တရာယ်မှ မရှိဘူး”လို့ တွစ်တာလူမှုကွန်ရက်ကနေ ပြောခဲ့ပါတယ်။ အခုဖြစ်စဉ်နဲ့ပတ်သက်လို့  အသေးစိတ် ရှင်းလင်းတာတော့ မလုပ်ခဲ့ပါဘူး။ တိုရွန်တိုမြို့လယ်အရှေ့ပိုင်း မိုင် ၃၀ အကွာမှာရှိတဲ့ အွန်တေရီအိုရေကန် ကမ်းခြေက စက်ရုံမှာ ဘယ်လို ပုံမှန်မဟုတ်တဲ့ ယိုစိမ့်မှုမှ မဖြစ်ခဲ့ဘူးလို့လည်း ကနဦးသတင်းစကား ဆိုပါတယ်။ တိုရွန်တိုမြို့တော်ဝန်ကတော့ မြို့ခံ ၃ သန်းလောက်ဟာ မလိုအပ်ဘဲ တပ်လှန့်ခံရတယ်။ မဖြေနိုင်တဲ့ မေးခွန်းတွေ များလွန်းတယ်လို့ ပြောဆို ဝေဖန်ခဲ့ပါတယ်။  ဒီစက်ရုံဟာ အင်အားပြည့်လည်ပတ်နေချိန်မှာ လျှပ်စစ် ၃၁၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်စွမ်း ရှိပြီး ကမ္ဘာ့အကြီးဆုံး နျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတွေထဲက တခု ဖြစ်ပါတယ်။
2 years Ago
Up