မြောက်ကိုရီးယားအနေနဲ့ နျူကလီးယားအစီအစဉ်ကို ဆက်လုပ်ပြီး မဝေးလှတဲ့အနာဂတ်မှာ ဗျူဟာမြောက်လက်နက်သစ်ကို ထုတ်လုပ်သွားမယ်လို့ ခေါင်းဆောင် ကင်မ်ဂျုံအွန်းက ဇန်နဝါရီ ၁ ရက်မှာ ပြောလိုက်ပါတယ်။
မြောက်ကိုရီးယားဘက်က တဖက်သတ် သတ်မှတ်ထားတဲ့ နျူကလီးယားလက်နက် ဖျက်သိမ်းရေးဆွေးနွေးပွဲ ပြန်စဖို့ သတ်မှတ်ချိန် ကုန်ဆုံးပြီးနောက်မှာ ခေါင်းဆောင်ကင်မ်က ပြောလိုက်တာပါ။
မြောက်ကိုရီးယားရဲ့ တွေ့ဆုံညှိနှိုင်းရေး တောင်းဆိုချက်တွေကို အမေရိကန်က မတုံ့ပြန်တာကြောင့် ခေါင်းဆောင်ကင်မ်ဟာ အာဏာရအလုပ်သမားပါတီ မူဝါဒချမှတ်ရေးကော်မတီနဲ့ ၄ ရက်ကြာ အစည်းဝေးကို ပြုလုပ်ခဲ့ပါတယ်။
အမေရိကန်ဟာ တောင်ကိုရီးယားနဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်တာတွေ ဆက်လုပ်ပြီး အရေးယူ ဒဏ်ခတ်တာတွေ လုပ်နေချိန်မှာ မြောက်ကိုရီးယားအနေနဲ့ တိုက်ချင်းပစ်လက်နက် စမ်းသပ်မှု ရပ်နားထားတာကို ဆက်လိုက်နာစရာ အကြောင်းမရှိဘူးလို့ ကင်မ်က ပြောလိုက်ပါတယ်။
မြောက်ကိုရီးယား အနေနဲ့ နျူကလီးယားလက်နက်စမ်းသပ်တာကို ဆက်လုပ်သွားမယ်လို့ ကင်မ်က ကတိပြုခဲ့ပေမယ့် အဲဒီစမ်းသပ်မှု အတိမ်အနက်ဟာ အမေရိကန် အစိုးရသဘောထားပေါ်မှာ မူတည်ညှိနှိုင်း လုပ်ဆောင်သွား မယ်လို့ ပြောပြီး နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးဖို့ ကင်မ်က လမ်းဖွင့်ထားပါတယ်။
1 year Ago