ဂျာမနီနိုင်ငံတောင်ပိုင်းမှာ မေလ ၁၄ ရက်က အသုံးမပြုတော့တဲ့ နျူကလီးယားစက်ရုံရဲ့ အအေးပေးမျှော်စင်နှစ်ခု ထိန်းချုပ်ဖောက်ခွဲပုံကို အံ့ဖွယ် မြင်တွေ့ရပါတယ်။
ဒါဟာ ဂျာမနီအနေနဲ့ နျူစွမ်းအင်အသုံးပြုတာကို ရုပ်သိမ်းတဲ့ အဆင့်တစ်ဆင့်ကို လှမ်းလိုက်တာပါ။
၂၀၁၉ နှစ်သစ်အကြိုနေ့မှာ EnBW လျှပ်စစ်ထုတ်လုပ်ရေးကုမ္ပဏီက ဖိလစ်ဘို့ခ် ၂- ဓါတ်အားပေးစက်ရုံ လုပ်ငန်းတွေကို ရပ်ဆိုင်းပြီး လာမယ့် နှစ်နှစ်မှာလည်း ဓာတ်အားပေးစက်ရုံ ဒါဇင်ဝက်လောက်ကို ပိတ်ပစ်သွားမှာပါ။
ဖြိုချခဲ့တဲ့ နေရာမှာ ထရန်စ်ဖော်မာ စက်ရုံသစ် တည်ဆောက်မှာ ဖြစ်ပြီး ဂျာမနီ မြောက်ပိုင်းက လျှပ်စစ်ဓါတ်အားတွေကို တောင်ပိုင်းကို ပို့ဆောင်သွားမယ်လို့ EnBW ကုမ္ပဏီက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် မပျံ့နှံ့စေဖို့ ကန့်သတ်ချက်တွေ ချမှတ်ထားချိန်မှာ လူစုလူဝေး မဖြစ်စေဖို့ မျှော်စင်ဖြိုချမယ့် အချိန်ကို လျှို့ဝှက်ထားတယ်လို့ ကုမ္ပဏီက ပြောကြား ပါတယ်။
ဒီလို ထိန်းချုပ်ဖောက်ခွဲဖြိုချမှုကို သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဂရင်းစ်ပိစ်အဖွဲ့က ကြိုဆိုလိုက်ပြီး ဒါဟာ ခေတ်ကုန်နေတဲ့ စွမ်းအင်ထောက်ပံ့နည်းကနေ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် ပြောင်းလဲတဲ့ လက္ခဏာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
11 months Ago