နျူကလီးယား

December 1, 2022

နျူအင်အားကြီးနိုင်ငံများ စစ်ရေးထိပ်တိုက်တွေ့မှုရှောင်ရန် အရေးကြီးဟု ရုရှားပြော

နျူးကလီးယား အင်အားကြီးနိုင်ငံတွေကြား စစ်ရေးအရ ထိပ်တိုက်တွေ့တာမျိုးကို ရှောင်ရှားဖို့ အရေးကြီးကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီလာ့ဗရော့ဗ်က နိုဝင်ဘာ ၃၀ ရက်မှာ ပြောကြားလိုက်ပါတယ်။

လာ့ဗ‌ရော့ဗ်ဟာ မော်စကိုမှာ အနာဂတ်အတွက် ပညာရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးရေး အစီအစဉ်မှာ ပါဝင်တက်ရောက်လာသူတွေကို ပြောကြားခဲ့တာဖြစ်ပြီး သူ့ရဲ့ အဲဒီမှတ်ချက်ကို ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှာလည်း လွှင့်တင်ခဲ့ပါတယ်။

အနောက်နိုင်ငံတွေဟာ ရုရှားကို ဆက်လက်ဆန့်ကျင်တိုက်ခိုက်ဖို့ ယူကရိန်းကို တွန်းအားပေးနေတယ်လို့လည်း လာ့ဗ‌ရော့ဗ်က ဆိုပါတယ်။

“သမားရိုးကျ လက်နက်တွေကို သုံးရင်တောင်မှ နျူးကလီးယား အင်အားကြီးနိုင်ငံတွေကြား စစ်ရေးအရ ထိပ်တိုက်တွေ့တာမျိုးကို ရှောင်ရှားဖို့လိုအပ်တယ်။ အရှိန်မြင့်လာရင် ထိန်းချုပ်လို့မရနိုင်တဲ့ အခြေအနေ ဖြစ်လာနိုင်တယ်။”

အဏုမြူစစ်ပွဲမှာ ဘယ်သူမှ အောင်နိုင်သူမဖြစ်နိုင်ဘဲ ဘယ်တော့မှလည်း အဆုံးမသတ်ဘူး ဆိုတဲ့ ရီဂင်-ဂေါ်ဘာချော့ဗ် ဖော်မြူလာကို ရုရှားနဲ့ အမေရိကန် သမ္မတတွေဖြစ်ကြတဲ့ ဗလာဒီမီယာ ပူတင်နဲ့ ဂျိုးဘိုင်ဒင်တို့ဟာ ၂၀၂၁ ခုနှစ် ဇွန်လမှာ အတည်ပြုခဲ့ကြောင်းကို သတိပေးချင်တယ်လို့လည်း သူကဆိုပါတယ်။

အမေရိကန်ဦးဆောင်တဲ့ အနောက်နိုင်ငံတွေဟာ ရုရှားကို တိုက်ထုတ်ဖို့ ယူကရိန်းကို မကြုံစဘူး စစ်ရေးထောက်ပံ့မှုတွေ ပံ့ပိုးပေးခဲ့ပါတယ်။

ဒါဟာ နေတိုးကို ပဋိပက္ခထဲ ဆွဲသွင်းတာလို့ မော်စကိုက အရင်ကတည်းက ပြောထားဖူးပြီး နှစ်ဖက်စလုံးက တိုက်ရိုက် ထိပ်တိုက်ရင်ဆိုင်မှုကို ရှောင်ရှားဖို့ အရေးကြီးကြောင်း အလေးပေး ပြောဆိုခဲ့ကြပါတယ်။

1 week Ago

October 26, 2022

ယူကရိန်းက ပြင်းအားနိမ့် နျူကလီးယားလက်နက်သုံးရန် ကြံစည်နေဟု ရုရှားပြော

ယူကရိန်းဟာ ‘"Dirty bomb" ဒါမှမဟုတ် ပြင်းအားနိမ့်တဲ့ နျူကလီးယားလက်နက်ကို ဖောက်ခွဲဖို့ ကြံစည်နေတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ရုရှားရဲ့ နျူကလီးယား၊ ဇီဝဗေဒနဲ့ ဓာတုကာကွယ်ရေးဌာန တာဝန်ခံ ဗိုလ်ချုပ်ကြီး အစ်ဂေါ ခိရီလ်လာ့ဗ်က ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂီလ်ရွှိုင်ဂူရဲ့ သတိပေးစကားကို ပဲ့တင်ထပ် ပြောဆိုခဲ့တာပါ။


"dirty bomb" ဗုံးဆိုတာ သမားရိုးကျ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ရေဒီယိုသတ္တိကြွ နျူကလီးယား စွန့်ပစ်ပစ္စည်းတွေကို ပေါင်းစပ် ထုတ်လုပ်ထားတဲ့ ဗုံးပါ။

ရွှိုင်ဂူက "dirty bomb" တလုံးကို ဖြန့်ကြက်ဖို့ ယူကရိန်းရဲ့ ပူးပေါင်းကြံစည်မှု”ကို သီတင်းပတ်ကုန်ရက်က သတိပေးခဲ့ပါတယ်။

ဒီလုပ်ရပ်ရဲ့ ရည်ရွယ်ချက်က ယူကရိန်းစစ်ပွဲမှာ အစုလိုက်အပြုံလိုက် ဖျက်ဆီးတဲ့ လက်နက်တွေ ရုရှားက သုံးနေတယ်လို့ စွပ်စွဲဖို့ပဲလို့ ဗိုလ်ချုပ်ကြီး ခိရီလ်လာ့ဗ်က မြို့တော်မော်စကိုမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အောက်တိုဘာ ၂၄ ရက်က ပြောပါတယ်။

ယူကရိန်းအစိုးရက ပြည်တွင်းနေ လူထုကို ဒုက္ခသည်အဖြစ် ဥရောပဆီ တင်ပို့နှုန်းတိုးဖို့နဲ့ ရုရှားကို  နျူကလီးယား အကြမ်းဖက်သမားအဖြစ် ပုံဖော်ဖို့ လိုလားနေတယ်လို့လည်း သူက ပြောပါတယ်။

ယူကရိန်းမှာ ‘dirty bomb"ကိုထုတ်လုပ်ဖို့ စက်မှု၊ သိပ္ပံပညာနဲ့ နျူကလီးယားပစ္စည်းတွေ အလုံအလောက် ရှိနေတယ်လို့လည်း ဗိုလ်ချုပ်ကြီး ခိရီလ်လာ့ဗ်က ပြောပါတယ်။

ရုရှားအစိုးရဟာ ကြီးကြီးမားမား တိုက်ပွဲဖြစ်နိုင်ခြေရှိတာကြောင့် တောင်ပိုင်းမြို့က အရပ်သားတွေကို ကယ်ထုတ်ခဲ့ပါတယ်။

ယူကရိန်းမှာ စစ်ဆင်ရေးတိုးမြှင့်ဖို့ အကြောင်းပြချက်အနေနဲ့ နျူလက်နက်ပါတဲ့ ဗုံးတလုံးကို ခြိမ်းခြောက်မှုအဖြစ် သုံးဖို့ ရုရှားက ကြံစည်နေတယ်လို့  အနောက်နိုင်ငံတွေက တနင်္လာနေ့မှာ စွပ်စွဲခဲ့ကြပါတယ်။

1 month Ago
More News
Up