ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတုံ့ပြန်ရေးဆိုင်ရာ ဗြိတိန် အစိုးရအကြံပေးတယောက်ဟာ အသွားအလာ ကန့်သတ်တဲ့ လော့ဒေါင်းစည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တယ်လို့ သတင်းထွက်ခဲ့ပြီးနောက် မေ ၅ ရက်က ရာထူးကနေ နုတ်ထွက်သွားပါတယ်။
ကပ်ရောဂါဗေဒပညာရှင် နေးလ်ဖာဂူဆန်ဟာ လော့ဒေါင်းကာလအတွင်း အမျိုးသမီး မိတ်ဆွေတယောက်နဲ့ တွေ့ဆုံခဲ့တယ်လို့ Daily Telegraph သတင်းက ဖော်ပြခဲ့ပါတယ်။
ဖာဂူဆန်ဆီကို အသက် ၃၈ နှစ်အရွယ် အမျိုးသမီးတယောက် နှစ်ကြိမ် လာရောက်တယ်လို့ Telegraph သတင်းက ဆိုပါတယ်။
ဒါဟာ နိုင်ငံသားတိုင်း ဈေးဝယ်တာ၊ လေ့ကျင့်ခန်းထွက်လုပ်တာ၊ ဆေးဘက်ဆိုင်ရာ လိုအပ်ချက် ရှိတာနဲ့ အိမ်ကနေ အလုပ်လုပ်လို့မရတဲ့ အခြေအနေမျိုးမှသာ အပြင်ထွက်ရမယ်ဆိုတဲ့ စည်းကမ်းချက်ကို ချိုးဖောက်တာပါ။
အဲဒီနောက်မှာတော့ ဖာဂူဆန်ဟာ ဗြိတိန်အစိုးရ မူဝါဒကို ပုံဖော်ပေးနေတဲ့ အရေးပေါ် ဆိုင်ရာ သိပ္ပံအကြံပေးအဖွဲ့အစည်း (SAGE) ကနေ နုတ်ထွက်တယ်လို့ ပြောပါတယ်။
ဆိုးရွားလှတဲ့ ကပ်ရောဂါကို ထိန်းချုပ်ဖို့ ခပ်ခွာခွာနေဖို့ ဆက်လိုအပ်တယ်ဆိုတဲ့ သတင်းစကားကို ထိခိုက်စေတဲ့အတွက် အလွန်စိတ်မကောင်း ဖြစ်မိတယ်လို့လည်း ဖာဂူဆန်ရဲ့ သတင်းထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။
12 months Ago