ပေါ်တူဂီအသင်းလို ထိပ်တန်းအသင်းကို အနိုင်ယူပြီး နေးရှင်းလိဂ် နောက်ဆုံးအဆင့် တက်ရောက်နိုင်ခဲ့လို့ ဂုဏ်ယူမိတယ်လို့ ပြင်သစ်နည်းပြ ဒက်ချမ့်က ပြောပါတယ်။
ပြင်သစ်အသင်းဟာ ပေါ်တူဂီအသင်းကို ကွင်းလယ်လူ ကန်တေရဲ့ ၅၃ မိနစ်မှာသွင်းယူခဲ့တဲ့ ဂိုးနဲ့ အဝေးကွင်းမှာ နိုင်ပွဲရယူနိုင်ခဲ့တာပါ။
ပေါ်တူဂီနဲ့ ပွဲမတိုင်ခင်ခြေစမ်းပွဲမှာ ဖင်လန်ကို ၂ ဂိုး ဂိုးမရှိနဲ့ရူံးနိမ့်ခဲ့လို့ ဝေဖန်ခံခဲ့ရပေမယ့် အနိုင်လိုအပ်တဲ့ပွဲမှာတော့ အရေးပါတဲ့ နိုင်ပွဲရယူနိုင်ခဲ့တာပါ။
ထိပ်တန်းအရည်အသွေးရှိတဲ့ အသင်းနဲ့ ရင်ဆိုင်ခဲ့ရလို့ အကောင်းဆုံးစွမ်းဆောင်ရည်မျိုးလိုအပ်ခဲ့ပြီး ပြင်သစ်အသင်းက စွမ်းဆောင်ရည်ကောင်း ပြသနိုင်ခဲ့သလို ပွဲကို ထိန်းချုပ် ကစားနိုင်ခဲ့တယ်လို့ နည်းပြဒက်ချမ့်က ပွဲအပြီးမှာ ပြောပါတယ်။
ပေါ်တူဂီနည်းပြ ဆန်းတို့စ်ကိုတော့ လီဗာပူးမှာခြေစွမ်းပြနေတဲ့ ဒီယေဂိုဂျိုတာကို ပွဲထွက်ခွင့်မပေးတဲ့အတွက် ဝေဖန်ခံခဲ့ရပေမယ့် အသုံးပြုခဲ့တဲ့ ဘာနာဒိုဆေးလ်ဗား၊ ဂျာအိုဖိလစ်နဲ့ ရော်နယ်ဒိုတို့ဟာလည်း အကောင်းဆုံးခြေစွမ်းရှိသူတွေ ဖြစ်တယ်လို့ ပြန်လည်ဖြေရှင်းခဲ့ပါတယ်။
ပြင်သစ်အသင်းဟာ ပေါ်တူဂီကို အနိုင်ရခဲ့လို့ လက်ကျန်တစ်ပွဲအလိုမှာ ၃ မှတ်အသာရခဲ့ပြီး ထိပ်တိုက်တွေ့ဆုံမှုမှာလည်း တစ်ပွဲနိုင် တစ်ပွဲသရေ ရလဒ်ဖြစ်ခဲ့လို့ နောက်ဆုံးအဆင့် ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
2 months Ago