နေ့ခင်း

December 5, 2020

ပေါင်မြို့နယ်တွင် နေ့ခင်းကြောင်တောင် နေအိမ်အနုကြမ်းစီးမှုဖြစ်ပွား

မွန်ပြည်နယ် ပေါင်မြို့နယ်၊ အောင်ချမ်းသာပိုင်းရှိ ဦးချမ်းသာရဲ့ နေအိမ်မှာ ဒီဇင်ဘာ ၄ ရက်နေ့ နေ့လယ်ပိုင်းက အမည်မသိအမျိုးသား ၂ ဦးက အနုကြမ်းစီးခဲ့​တယ်လို့ သိရပါတယ်။ ထန်းပင်ချောင်ကြီးကျေးရွာ၊ စျေးတန်းလမ်း၊ အောင်ချမ်းသာပိုင်းနေ ဦးချမ်းသာနဲ့ ဒေါ်ဝင်းမူတို့မှာ ဒီဇင်ဘာ ၄ ရက်နေ့က လယ်ကွင်းထဲစပါးရိတ်သွားနေချိန် နေအိမ်ကို အမည်မသိ ၂ ဦး ရောက်ရှိလာပြီး အနုကြမ်းစီးမှုဖြစ်ခဲ့တာပါ။ နေအိမ်မှာ မိရတနာဦး (၁၃) နှစ်၊ မိရတနာမွန် (၉) နှစ်၊ မိချောရတနာခိုင် (၆) နှစ်တို့ ၃ဦးကို နေအိမ်အောက်ထပ်ရှိ ကုလားထိုင်မှာ လက်ပြန်ကြိုးတုတ်ပြီး အနုကြမ်းစီးသူ ၂ ဦးက နေအိမ်အပေါ်ထပ်တက်ကာ ပစ္စည်းများ ခိုးယူနေချိန် အပြင်ကအသံကြားသဖြင့် ထွက်ပြေးရာမှ ပလတ်တစ်အိပ်နဲ့ ထုပ်ထားတဲ့ ငွေကျပ် ၃ သိန်းခွဲမှာ ပြုတ်ကျကျန်ရှိခဲ့တယ်လို့ သိရပါတယ်။ မိရတနာဦးက "သမီးတို့အိမ်မှာအိပ်နေတုန်း အဲ့ဒီလူ ၂ ယောက်က အိမ်ထဲကိုဝင်လာတယ်။ သူတို့မျက်နှာတွေလည်း နှာခေါင်းပိတ်အမည်းရောင်နဲ့အုပ်ထားတယ်။ အဲ့ဒီလူ ၂ ယောက်ပုံစံက တစ်ယောက်က အရပ်ပုပုနဲ့ နောက်တစ်ယောက်က အရပ်ရှည်ရှည်နဲ့ပါ။ ပြီးတော့သမီးတို့ကို ခုံမှာ ကြိုးနဲ့တုတ်ထားတယ်။ သမီးကကြောက်ပြီးငိုတော့ သမီးခေါင်းကိုကိုင်ပြီး နံရံနဲ့စောင့်ထည့်တယ်" လို့ DVB ကိုပြောပါတယ်။ ထန်းပင်ချောင်ကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က "ရွာထဲမှာပြောနေတဲ့ ဓားပြတိုက်တယ်ဆိုတာမဟုတ်ပါဘူး။ နေ့ခင်း​ဗြောင်ကြီးမှာ ဘယ်ဓားပြကတိုက်ရဲမလဲ။ အနုကြမ်းဝင်စီးတဲ့ပုံစံပါ။ ဒီကောင်တွေကလည်း ကျနော့်ရွာသားတွေ မဟုတ်လောက်ဘူး။ ဒီရွာမှာ ရွှေ့ပြောင်းလုပ်ကိုင်စားနေကြတဲ့သူတွေလို့ ထင်တယ်။ အရင်ကလည်း ဆိုင်ကယ်ပျောက်၊ ဖုန်းပျောက်ဒီလောက်ပဲရှိတယ်။ အခုလိုမျိုးက တစ်ခါမှမရှိခဲ့ပါဘူး" လို့ ​ပြောပါတယ်။ ဖြစ်စဥ်နဲ့ပတ်သက်ပြီး ကာယကံရှင်တွေဘက်က လာရောက်အမှုဖွင့်တိုင်တန်းထားတာမျိုး မရှိ​သလို နေအိမ်အနုကြမ်းစီးဝင်ရောက်ခဲ့သူ ၂ ဦးကိုလည်း အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ကျေးရွာပြည်သူ့စစ်အဖွဲ့ဝင်တွေနဲ့ ပူးပေါင်းကာ လိုက်လံရှာဖွေနေတယ်လို့ ထန်းပင်ချောင်ကြီးရဲကင်းစခန်းက သိရပါတယ်။ ယူမင်းစိုး
1 year Ago
Up