နော်ဝေသံအမတ်ကြီး

A d v e r t i s e m e n t With Us

July 22, 2020

နော်ဝေသံအမတ်ကြီးနှင့် ဒီဗွီဘီ တွေ့ဆုံမေးမြန်းချက်

မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီး မစ္စက်တိုနာတေးနတ်စ်ဟာ မြန်မာနိုင်ငံမှာ သံအမတ်ကြီးအဖြစ် ၄ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် တာဝန်ကပြီးဆုံးလို့ မြန်မာပြည်ကနေ ပြန်လည်ထွက်ခွာတော့မှာ ဖြစ်ပါတယ်။  နော်ဝေနိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပေါ်ထားတဲ့ မူဝါဒတွေ အထူးသဖြင့် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေး၊ ပြုပြင်ပြောင်းလဲရေး၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်ပြီး ဘာတွေ လုပ်ဆောင်နေတယ်၊ ဘာတွေ အောင်မြင်ခဲ့တယ်၊ ဘာတွေ လုပ်ဆောင်ဖို့ ကျန်နေသေးတယ် ဆိုတာတွေနဲ့ ပတ်သက်ပြီး ဒီဗွီဘီ သတင်းဌာနရဲ့ ဒါရိုက်တာတစ်ဦးဖြစ်သူ  ဦးတိုးဇော်လတ်က တွေ့ဆုံ မေးမြန်းထားပါတယ်။ မေး- နော်ဝေနိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ ၁၉၅၆ ခုနှစ်ကတည်းက သံတမန်ဆက်ဆံရေးစခဲ့ပြီး နော်ဝေသံရုံးကိုတော့ ရန်ကုန်မှာ ၂၀၁၃ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တယ်။ နော်ဝေနိုင်ငံဟာ မြန်မာတွေအကြားမှာအထူးသဖြင့် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုနဲ့ ပတ်သက်ပြီး လူသိများပါတယ်။   သံအမတ်ကြီးကတော့ ဒီမှာ ၄ နှစ်တာဝန်ထမ်းဆောင်ခဲ့ပြီးဖြစ်တယ်။ ဆိုတော့ ၄ နှစ်အတွင်းမှာ ငြိမ်းချမ်းရေး၊ဒီမိုကရေစီရေး၊ ပြုပြင်ပြောင်းလဲရေးတွေနဲ့ ပတ်သက်ပြီး အားထုတ် ဆောင်ရွက်မှုတွေမှာ ဘာတွေ အောင်မြင်ခဲ့ပါသလဲ၊ ဘာတွေ လုပ်ဖို့ လိုအပ်နေသေးလဲ။ ဖြေ- “ဒီကိုလာပြီး ကျမကို မေးမြန်းတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ရှင်ပြောတဲ့ အတိုင်းပဲ ကျမ မြန်မာနိုင်ငံမှာ ရောက်နေတာ ၄ နှစ်ရှိသွားပါပြီ။ အရမ်းကို စိတ်ဝင်စားစရာကောင်းတဲ့အချိန်ပါ။ ကျမ ဒီမှာရောက်တာ ရွေးကောက်ပွဲနှစ်ခု အကြားကာလပေါ့။ ကျမ ၂၀၁၅ ရွေးကောက်ပွဲနဲ့ မကြုံဘဲလွဲခဲ့ရသလို ၂၀၂၀ ရွေးကောက်ပွဲနဲ့လည်း လွဲပါလိမ့်ဦးမယ်။ ဒါပေမဲ့ အရမ်းကို စိတ်ဝင်စားစရာကောင်းတဲ့ အချိန်ပါ။” “၂၀၁၆ စက်တင်ဘာလ ကျမ ဒီကို ရောက်လာတဲ့အချိန်တုန်းက ဖြစ်ချင်ခဲ့တာက ပထမဆုံး ကျမတို့ နှစ်နိုင်ငံအကြားနဲ့ နိုင်ငံမှာရှိတဲ့ ပြည်သူတွေအကြားမှာ ခိုင်မာတဲ့ဆက်ဆံရေးကို ဆက်လက်တည်ဆောက်ဖို့ပါ။ နောက်ပြီး နော်ဝေအနေနဲ့ မြန်မာကို မတူကွဲပြားတဲ့ ဧရိယာတွေမှာ ဘယ်လိုအကူအညီတွေ ပေးနိုင်မလဲ သိချင်ခဲ့တယ်။ ရှင် ပြောခဲ့သလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လို ကိစ္စတွေ၊ သဘာဝအရင်းမြစ်စီမံခန့်ခွဲမှုကိစ္စတွေနဲ့ တခြားကိစ္စတွေ အတော်များများလည်း ပါတာပေါ့။” “အရမ်းကို စိတ်ဝင်စားစရာကောင်းတဲ့နှစ်တွေလို့ ကျမ ပြောခဲ့သလို ကျမတို့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်ပြီး လုပ်ဆောင်ခဲ့တယ်။ ကျမတို့ အထောက်အပံ့တချို့ ပံ့ပိုးကူညီပေးနိုင်ခဲ့တယ်။ ကျမတို့ အပစ်ရပ်ပူးတွဲစောင့်ကြည့်အဖွဲ့ကို ကူညီထောက်ပံ့နိုင်ခဲ့တယ်။ မြန်မာပြည်ငြိမ်းချမ်းရေးမှာ ပါဝင်သူတွေကို နော်ဝေနိုင်ငံဆီကို လေ့လာရေးခရီးစဉ်တွေ စေလွှတ်နိုင်ခဲ့တယ်။ သူတို့ တခြားနိုင်ငံတွေက ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို သင်ယူခွင့်ရခဲ့တယ်။”   “ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်လို့တော့ ဝန်ကြီးဌာနအတော်များများနဲ့ အလုပ်သဘောဆက်ဆံရေး ကောင်းကောင်းရှိခဲ့တယ်။ ရေအားလျှပ်စစ်၊ သဘာဝပတ်ဝန်းကျင်၊ ရေနံနဲ့ပတ်သက်တဲ့ စီမံခန့်ခွဲမှုတွေအပြင် ငါးဖမ်းလုပ်ငန်းလည်း ပါတာပေါ့။ ကျမတို့ ဧရိယာအတော်များများမှာ အလုပ်လုပ်ခဲ့ပြီး ကျမ ဒီကိုရောက်ကတည်းက မြန်မာနဲ့ ကျမတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ပါတယ်။” မေး- အဓိက အောင်မြင်မှုက ဘာလို့ပြောလို့ရမလဲ။ ငြိမ်းချမ်းရေးက အချိန်အတော်ကြာလုပ် ရဦးမယ်ဆိုတာ ကျနော်သိပါတယ်။ အဓိက စိန်ခေါ်မှုတွေက ဘာဖြစ်မလဲ။ ဒီစိန်ခေါ်မှုတွေကို ဘယ်လို ကျော်လွှားကြမလဲ၊ သိပ်မကြာတဲ့ အနာဂတ်မှာ ဒီနိုင်ငံရေး ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်သွားအောင်ပေါ့။ ဖြေ- “မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်က တခြားနိုင်ငံတွေ အများစုထက် ပိုမိုခက်ခဲတယ်လို့ ကျမ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီက ပဋိပက္ခဟာ ဆယ်စုနှစ်တွေနဲ့ချီအောင် အချိန်တွေ  အကြာကြီးရှိနေပြီး ပါဝင်ပတ်သက်တဲ့သူတွေကလည်း အများကြီးပဲ။ မတူတဲ့ တိုင်းရင်းသားအဖွဲ့ ပေါင်း ၂၀ ဝန်းကျင်လောက် ပါဝင်နေတယ်။”  “၂၀၁၅ မှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်(အန်စီအေ) သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့တာ မြင်ရတာ အရမ်းဝမ်းမြောက်မိပါတယ်။ ကျမတို့ ကြိုးစားခဲ့တာက အန်စီအေကို လိုက်နာဆောင်ရွက်ရေး ကူညီဖို့ပါ။ ပြီးခဲ့တဲ့နှစ်က တိုးတက်မှုတချို့ မြင်ရတာ ဝမ်းသာမိပါတယ်။ မကြာခင်မှာ ငြိမ်းချမ်းရေးညီလာခံသစ်တခု ကျင်းပမယ်ဆိုတာ သိရလို့ အရမ်းဝမ်းသာပါတယ်။ သူတို့ သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါမှ ဒီလုပ်ငန်းစဉ်ကို ရွေးကောက်ပွဲအပြီးမှာ ဆက်လုပ်နိုင်မှာပါ။”  မေး- ရွေးကောက်ပွဲဆိုလို့၊ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ်။ ထူးခြားချက်တခုက ကျနော်တို့ နိုင်ငံမှာ လူငယ်မဲဆန္ဒရှင်တွေ အများကြီးရှိနေတယ်။  တနိုင်ငံလုံးရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၇ သန်းရှိတဲ့အထဲမှာ ၁၅ သန်းလောက်က အသက် ၃၀ အောက်တွေ၊ ၅ သန်းလောက်ကတော့  ပထမဆုံးအကြိမ် မဲပေးမယ့် လူငယ်မဲဆန္ဒရှင်တွေ ဖြစ်တယ်။ ဆိုတော့ ဒီမိုကရေစီစနစ်မှာ ရွေးကောက်ပွဲဟာ အရမ်းအရေးကြီးပါတယ်။ အထူးသဖြင့် မြန်မာ့ဒီမိုကရေစီရေး၊ အခုရွေးကောက်ပွဲနဲ့ ဒီနိုင်ငံက လူငယ်တွေရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး ဘာတွေ မျှော်လင့်ပါသလဲ။ ဖြေ- “၂၀၂၀ ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတခုကို ကျမတို့ မြင်ချင်ပါတယ်။ မြန်မာနိုင်ငံတဝန်းလုံးမှာ လုံခြုံစိတ်ချရတဲ့ အနေအထားဖြစ်ဖို့ကိုလည်း ကျမတို့ မျှော်လင့်ပါတယ်။ ရခိုင်ပြည်နယ် အပါအဝင် တခြားဒေသတွေအားလုံးမှာ ရွေးကောက်ပွဲလုပ်ရင် သိပ်ကောင်းတာပေါ့။ ပထမဆုံးအကြိမ် မဲပေးမယ့် လူငယ်မဲဆန္ဒရှင်တွေအနေနဲ့ မဲပေးကြဖို့ အရေးကြီးပါတယ်။ ကျမတို့ နော်ဝေနိုင်ငံရဲ့ အတွေ့အကြုံနဲ့ယှဉ်ပြီး ပြောရရင် လူတွေဟာ တခါစပြီးမဲပေးရင် နောင်မှာ ဆက်လက်ပြီးမဲပေးကြတယ်။ ရွေးကောက်ပွဲမှာ ပါဝင်တာဟာ  ဒီမိုကရေစီအတွက် အရမ်းကို အရေးပါတဲ့ အစိတ်အပိုင်းတခု ဖြစ်ပါတယ်။ ဒါကြောင့် လူငယ်တွေအနေနဲ့ ပြိုင်ဆိုင်မှုတွေကို စိတ်ဝင်စားလာပြီး ရွေးကောက်ပွဲမှာ အရေအတွက်အ တော်များများ ပါဝင်လာစေလိမ့်မယ်လို့ ကျမတို့ တကယ့်ကို မျှော်လင့်ပါတယ်။ ကျမ ပြောခဲ့သလိုပဲ ပထမအကြိမ် လူငယ်မဲဆန္ဒရှင်တွေ စတင်မဲပေးဖို့က အရမ်းကို အရေးကြီးပါတယ်။” မေး- နော်ဝေနိုင်ငံအနေနဲ့  ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး ကဏ္ဍအားလုံးမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုကို အားပေးတာ တွေ့ရပါတယ်။ သံအမတ်ကြီးအနေနဲ့ ပြီးခဲ့တဲ့ ၄ နှစ်အတွင်းမှာ အရင်တုန်းကထက် ဘာတွေ အောင်မြင်ခဲ့ပါသလဲ။ ပြီးတော့ ဒီနိုင်ငံက နိုင်ငံရေးဖြစ်စဉ်၊ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ဒီမိုကရေစီရေးတွေမှာ  အမျိုးသမီးတွေရဲ့ ပါဝင်မှုနဲ့ပတ်သက်ပြီး ဘာတွေ ပိုမို မြင်တွေ့ချင်ပါသလဲ။ ဖြေ- “ကျမ ထင်ပါတယ်။ အတွေ့အကြုံတွေက ပြသနေတာကတော့ ငြိမ်းချမ်းရေးမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုဟာ အခြေခံအားဖြင့် အမျိုးသားတွေနဲ့ ပါဝင်မှုနဲ့ အတူတူပါပဲ။ ငြိမ်းချမ်းရေးစကားဝိုင်းမှာ အသံတွေအားလုံး ပါတဲ့အတွက် ငြိမ်းချမ်းရေး သဘောတူညီချက်တွေကို ပိုပြီးရေရှည်တည်တံ့စေပါတယ်။ မြန်မာနိုင်ငံမှာလည်း အမျိုးသမီးတွေရဲ့ ပါဝင်မှု တိုးတက်မှုရှိတယ်လို့ ကျမ ထင်ပါတယ်။ ပင်လုံညီလာခံမှာရော ငြိမ်းချမ်းရေးဖြစ်စဉ်မှာပါ အမျိုးသမီးတွေရဲ့ ပါဝင်မှု ပိုများလာတာကို မြင်ရတာ ကျမ ဝမ်းသာပါတယ်။ ဒါပေမဲ့ မလုံလောက်သေးပါဘူး။ ပိုများသင့်တယ်။ အမျိုးသမီးတွေ  ပိုပြီးပါဝင်သင့်ပါတယ်။” “ကျန်းမာရေး၊ ဝန်ဆောင်မှုနဲ့ ပညာရေးကိစ္စတွေ ဆွေးနွေးတာမှာလည်း  အမျိုးသမီးတွေ ပါဝင်ဖို့၊ အရမ်းကို အရေးကြီးတယ်လို့ ကျမ ထင်ပါတယ်။ ပြီးတော့ လုံခြုံရေးကိစ္စတွေနဲ့ စီးပွားရေး ကိစ္စတွေမှာလည်း အမျိုးသမီးတွေ ပါဝင်ဆွေးနွေးရပါမယ်။ အထူးသဖြင့် လုံခြုံရေးကိစ္စတွေမှာ အမျိုးသမီးတွေဟာ မကြာခဏ ပဋိပက္ခရဲ့ သားကောင်တွေ ဖြစ်ကြရတာပါ။ ဆွေးနွေးပွဲအတွက် အမျိုးသမီးတွေအနေနဲ့ အရေးပါတဲ့ဆွေးနွေးမှုတွေ လုပ်နိုင်ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အမျိုးသမီးတွေ ပိုမိုပါဝင်တာ၊ မတူကွဲပြားတဲ့ ကိစ္စတွေ ဆွေးနွေးရာမှာ အမျိုးသမီးတွေ ပါဝင်ဖို့ဖိတ်ခေါ်တာတွေ မြင်တွေ့ရဖို့ ကျမ မျှော်လင့်ပါတယ်။” မေး- အမျိုးသမီးနဲ့ လုံခြုံရေးကိစ္စကို သံအမတ်ကြီး ပြောသွားတာပေါ့။ ခု နော်ဝေက ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်နေတာ ဂုဏ်ယူပါတယ်။ နော်ဝေနိုင်ငံရဲ့ အာဂျင်ဒါက အမျိုးသမီးနဲ့လုံခြုံရေးကို မြှင့်တင်ပေးဖို့ပါ။ နော်ဝေက လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံ ဖြစ်လာတော့ ဘာတွေ ပိုလုပ်နိုင်မလဲ၊ ဘာတွေ မျှော်လင့်လဲ။ အထူးသဖြင့် မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ဘယ်ကိစ္စတွေဟာ အရေးတကြီး ဆွေးနွေးရမယ့်ကိစ္စတွေ ဖြစ်မလဲ။  ဖြေ- “ရှင် ပြောခဲ့သလိုပဲ နော်ဝေနိုင်ငံက ၂၀၂၁ ကနေ ၂၀၂၂ အထိ လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံ ဖြစ်လာမှာပါ။ နောက်ဆုံးအကြိမ် နော်ဝေနိုင်ငံက အဖွဲ့ဝင်နိုင်ငံ ဖြစ်ပြီးကတည်းကဆိုရင် နှစ်ပေါင်း ၂၀ လောက်ရှိသွားပါပြီ။ နော်ဝေနိုင်ငံအနေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆွေးနွေးမယ့် အကြောင်းအရာ အာဂျင်ဒါတစ်ခုကတော့ အမျိုးသမီး ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးပါ။ ဘာကြောင့်လဲဆိုတော့ ဒါဟာ အရမ်းအရေးကြီးလို့ပါ။ လုံခြုံရေးကောင်စီမှာ ဆွေးနွေးတဲ့အခါမှာ မြန်မာနိုင်ငံက ရရှိလာတဲ့ အတွေ့အကြုံကောင်းတွေကို ထည့်သွင်းဆွေးနွေးနိုင်တယ်လို့ ကျမ ထင်ပါတယ်။ ကျမတို့ ကုလသမဂ္ဂ အမျိုးသမီးအဖွဲ့အစည်းတွေ လူကယ်ပြန်ဝန်ကြီးဌာနတို့နဲ့ အတူတူ အလုပ်လုပ်ခဲ့ပါတယ်။  ကျမတို့ မတူတဲ့ ပြည်နယ် ၃ ခု ကရင်၊ ကယားနဲ့ မွန်ပြည်နယ် လုပ်ခဲ့ပါတယ်။ မတူတဲ့ ပြည်နယ်လွှတ်တော်တွေမှာ အမျိုးသမီးငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဗျူဟာတွေ အစီအစဉ်တွေ လုပ်ခဲ့ပါတယ်။ ဒါတွေဟာ ဒီကိစ္စတွေကို နိုင်ငံတော်အဆင့်မှာ ဘယ်လို လုပ်နိုင်ခဲ့တယ်ဆိုတဲ့ နမူနာကောင်းတွေ ဖြစ်ပါတယ်။    မေး- ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ စီမံခန့်ခွဲမှုကိစ္စနဲ့ပတ်သက်ပြီး နော်ဝေက ဆက်စပ်လုပ်ကိုင်နေတာက အထူးသဖြင့် တခုက စွမ်းအင်ကိစ္စ၊ နောက်တခုက ငါးဖမ်းလုပ်ငန်း မြန်မာနိုင်ငံမှာ သုတေသနတွေ လုပ်တယ်။ စွမ်းအင်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ ဘာတွေ လုပ်ဖို့လိုမလဲ အထူးသဖြင့် လျှပ်စစ်ကိစ္စပေါ့။ အခု တိုးတော့ တိုးတက်လာပါတယ်။ ဒါပေမဲ့ ၅၀ ရာခိုင်နှုန်းလောက်ပဲ ထုတ်လုပ်နိုင်သေးတယ်။ ရေရှည်တည်မြဲတဲ့ စွမ်းအင်ဖြစ်ဖို့နဲ့ ငါးလုပ်ငန်း ဖွံ့ဖြိုးရေးတွေအတွက် ကာလရှည် မဟာဗျူဟာ ဘာတွေ ဖြစ်သင့်သလဲ၊ ဘာတွေ ပိုလုပ်ဖို့ လိုမလဲ။ ဖြေ- “သဘာဝအရင်းအမြစ်တွေ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်ပြီး မြန်မာနဲ့ နော်ဝေအကြား ပူးပေါင်းဆောင်ရွက်မှု ကောင်းကောင်းမြင်ရတာ ကျမ ဝမ်းသာပါတယ်။ ကျမတို့ နှစ်နိုင်ငံစလုံးမှာ သဘာ၀အရင်းအမြစ်တွေ အများကြီးရှိကြတယ်။ ဒီအရင်းအမြစ်တွေကို နိုင်ငံအတွင်းမှာ ရှိကြတဲ့ လူတွေအားလုံးအတွက် အကျိုးရှိမယ့်နည်းလမ်းနဲ့ ထုတ်ယူသုံးစွဲဖို့ အရေးကြီးပါတယ်။ အဲဒီကရတဲ့ အခွန်ဝင်ငွေတွေကို ကျန်းမာရေး၊ ပညာရေးနဲ့ တခြားကိစ္စတွေမှာ သုံးစွဲရပါမယ်။ ရှင် ပြောခဲ့သလိုပဲ ရေအားလျှပ်စစ်ကို ကျမတို့ ကြိုဆိုပါတယ်။ အခုဆိုရင် မြန်မာ နိုင်ငံရဲ့ ၅၀ ရာခိုင်နှုန်း လျှပ်စစ်မီးရတာ မြင်ရတာ ကျမတို့ အရမ်းဝမ်းသာပါတယ်။ ဒါဟာ တကယ့်ကို အရမ်းအရေးပါတဲ့ အောင်မြင်မှုလို့ ကျမထင်ပါတယ်။”  “နော်ဝေနိုင်ငံရဲ့ အတွေ့အကြုံကိုပြောရရင် စွမ်းအင်အထောက်အပံ့ဟာ ရေရှည်တည်တံ့ရမယ်၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို အသုံးပြုရမယ်၊ ဒါမျိုးကို မြန်မာနိုင်ငံမှာ လုပ်သင့်တယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ ရေအားလျှပ်စစ် ရတယ်၊ ဆိုလာ နေစွမ်းအင် ရတယ်။ ဒါအရမ်းအရေးကြီးတယ်လို့ ထင်ပါတယ်။”  “ငါးလုပ်ငန်းနဲ့ပတ်သက်ပြီး ရှင်ပြောတဲ့ နော်ဝေ သုတေသနသင်္ဘောက ပထမဆုံးအကြိမ် ၁၉၇၀ နှောင်းပိုင်းကာလတုန်းက လာပြီးနောက် အကြိမ်ကြိမ် ထပ်လာခဲ့တယ်၊ သုတေသန စစ်တမ်းအရ မြန်မာနိုင်ငံရဲ့ ငါးသယံဇာတက တဖြည်းဖြည်း လျော့နည်းလာတယ်။ ဒါတွေက ငါးအလွန်အကျွံဖမ်းလို့၊ တရားမဝင် ဖမ်းဆီးလို့ ဖြစ်တယ်။ ဒါကြောင့် ငါးသယံဇာတ ရေရှည်တည်တံ့နိုင်မယ့် ထိန်းညှိမှုကို ရှာဖို့လည်း အရေးကြီးတယ်။ ဒါတွေဟာ ကျမတို့ ဆောင်ရွက်နေတဲ့ကိစ္စတွေ ဖြစ်ပါတယ်။” မေး- သံအမတ်ကြီးအနေနဲ့ မြန်မာနိုင်ငံမှာ နေထိုင်ခဲ့တာ ၄ နှစ်ရှိသွားပြီဆိုတော့ ဒီက ပြန်သွားတဲ့အခါမှာ ဘာကို အမှတ်အရဆုံး ဖြစ်မလဲ။ ဖြေ- “တခုကို ထောက်ပြဖို့က အရမ်းခက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီမှာနေခဲ့တဲ့ ၄ နှစ် ကာလကို ကျမ တကယ့်ကိုပျော်ရွှင်ခဲ့ပါတယ်။ ရောက်တာ အတော်ကြာနေပြီဖြစ်ပေမဲ့ မနေ့တနေ့ကမှ ဒီကို ရောက်လာသလိုပါပဲ။ ကျမနဲ့ အတူပါသွားမှာကတော့ မြန်မာနိုင်ငံဟာ လှပတဲ့ နိုင်ငံ ဖြစ်တယ်၊ သွားလည်ဖို့ ကောင်းတဲ့နေရာတွေ အများကြီး ရှိတယ်။ ကျမ အရမ်းကို သတိရနေမှာကတော့ အရမ်းဖော်ရွေတဲ့ မြန်မာပြည်သူတွေပဲ ဖြစ်မယ်လို့ ထင်ပါတယ်။ သူတို့ဟာ ကူညီတတ်တယ်။ ရင်းနှီးဖော်ရွေတယ်။ ကျမကို ဒီနိုင်ငံကနေ အရမ်းကို ကြိုဆိုတယ်လို့ ခံစားရပါတယ်။  ဒါတွေကတော့ ကျမ အမှတ်ရဆုံးဖြစ်မယ်လို့ ထင်ပါတယ်။” မေး- ကျနော့်ရဲ့ နောက်ဆုံးမေးခွန်းကတော့ နော်ဝေက လွတ်လပ်စွာ ထုတ်ဖော်ခွင့်နဲ့ပတ်သက်ပြီး အားပေးတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေ အားကောင်းလာအောင် လုပ်ပေးတယ်။ မြန်မာအနေနဲ့ ဘာတွေ ပိုလုပ်ဖို့ လိုအပ်မလဲ။ သိပ်မကြာတဲ့ အနာဂတ်မှာ ဘာတွေ မြင်တွေ့ချင်ပါသလဲ။ ဖြေ- “နော်ဝေနိုင်ငံကို ကြည့်ရင် နော်ဝေမှာ အရပ်ဘက်အဖွဲ့အစည်းတွေ အများကြီး၊ သိပ်ကိုများပါတယ်။ ဒါဟာ ဒီမိုကရေစီအတွက် အရမ်းကိုအရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်တယ်လို့ ကျမ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါဟာ ပြည်သူလူထုတွေနဲ့ ဆက်စပ်ပတ်သက်နေတယ်။ ရွေးကောက်ပွဲက လေးနှစ်၊ ငါးနှစ်မှ တခါ ပြည်သူတွေနဲ့ ဆက်စပ်တယ်၊ အရပ်ဘက်အဖွဲ့အစည်းတွေကတော့ လူတွေနဲ့  နေ့တိုင်း ဆက်စပ်နေတယ်။ ဒါကြောင့် ပြည့်ဝတဲ့ ဒီမိုကရေစီဖြစ်ဖို့ အားကောင်းတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရှိဖို့ လိုတယ်။ ”  “လွတ်လပ်စွာ ထုတ်ဖော်ခွင့်နဲ့ အမှီအခိုကင်းတဲ့ မီဒီယာတွေဟာလည်း ဒီမိုကရေစီရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတွေ ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ သတင်းအချက်အလက်တွေ ရရှိဖို့လိုတယ်၊ ဆွေးနွေးမှုတွေရှိဖို့ လိုတယ်၊ မတူကွဲပြားတဲ့အမြင်တွေ ရှိဖို့လိုတယ်၊  ဒီလိုဆွေးနွေးမှုတွေလုပ်ဖို့နဲ့ အမြင်တွေကို ဖော်ပြဖို့ လွတ်လပ်နေရာတခုရှိဖို့ လိုအပ်တယ်လေ။” “ဒီကိစ္စတွေ မြန်မာနိုင်ငံမှာ အတော်များများ အောင်မြင်တယ်၊ အောင်မြင်ခဲ့တယ်လို့  ကျမ ထင်ပါတယ်။ ဒါပေမဲ့ ရှေ့ခရီးဆက်ဖို့လည်း အများကြီးလိုသေးတယ်။ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ နုနယ်သေးပြီး နော်ဝေကတော့ ဒီမိုကရေစီနိုင်ငံဖြစ်နေတာ နှစ်တွေအများကြီး ရှိနေပါပြီ။ မြန်မာပြည်မှာ အားကောင်းတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ၊ လွတ်လပ်တဲ့ မီဒီယာတွေ မြင်တွေ့ရတာ ဝမ်းသာပါတယ်။ ဒါပေမဲ့ ဒီခရီးက မြန်မာပြည်မှာ အစပဲရှိပါသေးတယ်။” မေး- မြန်မာပြည်သူလူထုတွေအတွက် သံအမတ်ကြီးရဲ့ နှုတ်ဆက် သတင်းစကား ဘာပြောချင်ပါသလဲ။ အထူးသဖြင့် မြန်မာပြည် ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေးနဲ့ ပတ်သက်လို့ပေါ့။ ဖြေ- “ကျမ ပြောချင်တဲ့ သတင်းစကားကတော့ ပထမဆုံးအနေနဲ့ မြန်မာနိုင်ငံဟာ စီးပွားရေးနဲ့ လူမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အလားအလာတွေ အများကြီးရှိတယ်။ တိုးတက်မှုကောင်းတွေ အတော်များများ ကျမ တွေ့ပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုတွေကနေ  စီးပွားရေးပိုမိုတိုးတက်မှုတွေ မြင်တွေ့ရပါလိမ့်မယ်။” “အထူးသဖြင့် ပဋိပက္ခပေါ့။ ဒီနိုင်ငံမှာ ပဋိပက္ခက လူတွေကို ပိုင်းခြားထားသလို ဖြစ်နေတယ်။ စိန်ခေါ်မှုတစ်ခုက ဘာလဲဆိုရင်  မြန်မာပြည်အစိတ်အပိုင်းအားလုံးက ပြည်သူတွေအားလုံး အချင်းချင်း ပိုပြီးနီးကပ်တဲ့ ချစ်ကြည်ရင်းနှီးမှု တည်ဆောက်ရေး ဖြစ်တယ်လို့ ကျမ ထင်တယ်။ နောက်ပြီးတော့ နိုင်ငံကို One Nation အဖြစ် ရည်မှန်းပြီး  ရှေ့ဆက်သွားဖို့ဖြစ်တယ်။ နိုင်ငံရဲ့ အလွန်ကောင်းတဲ့ အလားအလာကို နားလည်လက်ခံပြီး ဆက်လက်ကြိုးစားကြဖို့ ပြောချင်ပါတယ်။ မြန်မာပြည်မှာ ကျမ မျှော်လင့်ထားတဲ့အရာတွေ ပိုမိုတိုးတက်လာတာကို မြင်တွေ့ရရင် ကျမ နော်ဝေနိုင်ငံကနေ ဝမ်းသာပျော်ရွှင်နေမှာပါ။” သံအမတ်ကြီးကို ကျေးဇူးအများကြီးတင်ပါတယ်။
6 months Ago

July 21, 2020

၂၀၂၀ ရွေးကောက်ပွဲတွင် မြန်မာလူငယ်များ မဲပေးကြရန် နော်ဝေသံအမတ်ကြီး တိုက်တွန်း

ရွေးကောက်ပွဲဟာ ဒီမိုကရေစီအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့အတွက် ၂၀၂၀ ရွေးကောက်ပွဲမှာ မြန်မာလူငယ်တွေ မဲပေးကြဖို့  မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီး  မစ္စက် တိုနာတေးနတ်စ်က ဒီဗွီဘီနဲ့ သီးသန့်တွေ့ဆုံမေးမြန်းရာမှာ တိုက်တွန်းပြောပါတယ်။ လာမယ့် နိုဝင်ဘာ ၈ ရက်နေ့ မြန်မာနိုင်ငံမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိစေချင်ပြီး တနိုင်ငံလုံးမှာ လုံခြုံစိတ်ချရတဲ့ ရွေးကောက်ပွဲ ဖြစ်လာဖို့ကိုလည်း မျှော်လင့်တယ်လို့လည်း သံအမတ်ကြီးက  ပြောကြားခဲ့ပါတယ်။  "၂၀၂၀ ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတခုကို ကျမတို့ မြင်ချင်ပါတယ်။ မြန်မာနိုင်ငံတဝန်းလုံးမှာ လုံခြုံစိတ်ချရတဲ့ အနေအထားဖြစ်ဖို့ကိုလည်း ကျမတို့ မျှော်လင့်ပါတယ်။ ရခိုင်ပြည်နယ် အပါအဝင် တခြားဒေသတွေမှာရောပေါ့။ ပထမဆုံးအကြိမ် မဲပေးမယ့် လူငယ်မဲဆန္ဒရှင်များကို မဲပေးကြဖို့ တိုက်တွန်းချင်ပါတယ်။ ကျမတို့ နိုင်ငံရဲ့ အတွေ့အကြုံနဲ့ ယှဉ်ပြီး ပြောတာပါ။ ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီအတွက် အဓိကကျတဲ့ အစိတ်အပိုင်းတခု ဖြစ်ပါတယ်။ ဒါကြောင့် လူငယ်တွေအနေနဲ့ ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်မယ့် သူတွေရဲ့ ပြိုင်ဆိုင်မှုတွေကိုလည်း စိတ်ဝင်စားမယ်လို့ ကျမတို့ တကယ့်ကို မျှော်လင့်ထားပါတယ်။ ပထမအကြိမ် လူငယ်မဲဆန္ဒရှင်တွေ မဲပေးဖို့ ဆောင်ရွက်ဖို့က အရမ်းကို အရေးကြီးပါတယ်။" နော်ဝေသံအမတ်ကြီးဟာ မြန်မာနိုင်ငံဆိုင်ရာသံမတ်ကြီး တာဝန်ကနေ ပြီးဆုံးပြီး မကြာခင်မှာ မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာဖို့ရှိနေတာဖြစ်ပါတယ်။
6 months Ago
More News
Up