နော်ဝေသံရုံး

January 4, 2022

မြန်မာ့အရေး ဦးစားပေးကိစ္စအဖြစ်ဆက်ရှိမည်ဟု ကုလလုံခြုံရေးကောင်စီ ဥက္ကဋ္ဌသစ် နော်ဝေနိုင်ငံပြော

၂၀၂၂ ခုနှစ် ဇန်နဝါရီမှာ  နော်ဝေနိုင်ငံဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဥက္ကဋ္ဌရာထူးကို ထမ်းဆောင်မှာဖြစ်ပြီး မြန်မာနိုင်ငံအခြေအနေဟာ ၂၀၂၁ ခုနှစ်ကလိုပဲ  နော်ဝေနိုင်ငံအတွက် ဆက်လက်ပြီး ဦးစားပေးကိစ္စအဖြစ် ရှိနေမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံရုံးက သတင်းထုတ်ပြန်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့  မြန်မာနိုင်ငံရှိ အကျိုးစီးပွားပါဝင်ပတ်သက်သူအားလုံးနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ဖို့  မျှော်လင့်တယ်လို့လည်း နှစ်သစ်ကူးအထိမ်းအမှတ် နော်ဝေသံရုံး ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ၁၀ နှစ်တာ ဒီမိုကရေစီအရွေ့ဟာ နောက်ကြောင်းပြန်သွားခဲ့ပြီး ကိုဗစ်-၁၉ ရောဂါရဲ့ အဆိုးရွားဆုံး ကူးစက်မှုလှိုင်းကိုလည်း ရင်ဆိုင်ခဲ့ရပေမဲ့ မြန်မာပြည်သူတွေဟာ ကြံ့ကြံ့ခံနိုင်ကြောင်း၊  ဒေသခံ အရပ်ဘက်အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အရပ်ဘက်အဖွဲ့အစည်းတွေ၊ သတင်းမီဒီယာတွေ၊ အစိုးရပေါင်းစုံအဖွဲ့အစည်းတွေနဲ့ တခြားသော အဖွဲ့အစည်းတွေအပါအဝင် မိတ်ဖက်တွေရဲ့ ကာလရှည်ကြာ စိတ်ဓာတ်ကြံ့ခိုင်မှုကို ကြုံတွေ့ရလို့  အားရမိတယ်လို့လည်းဆိုပါတယ်။

၂၀၂၂ ခုနှစ်အတွက်လည်း ထိလွယ်ရှလွယ်အဖြစ်ဆုံးသူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ကာကွယ်ဆေးရရှိနိုင်မှု တိုးမြှင့်ရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာတို့ကို မြှင့်တင်ရေး၊ ဒီမိုကရေစီ အသံတွေ၊ အမျိုးသမီးနဲ့ လူနည်းစုအသံတွေ ခိုင်မာအားကောင်းစေရေးနဲ့ ငြိမ်းချမ်းရေးအတွက် မူဘောင်ချတာ ရည်မှန်းချက်ကြီးမားတဲ့ အစီအစဉ်တွေ ချမှတ်နေပြီး ပိုမိုကောင်းမွန်တဲ့ ၂၀၂၂ ဖြစ်ပါစေဖို့ မြန်မာပြည်သူတွေနဲ့အတူ မျှော်လင့်မိတယ်လို့ နော်ဝေသံရုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Photo Credit-Norway Embassy

1 year Ago

November 8, 2020

ရွေးကောက်ပွဲသည် မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အရေးပါဟု နော်ဝေသံရုံး ထုတ်ပြန် 

ရွေးကောက်ပွဲတွေဟာ မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတရပ် ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံရုံးက သတင်းထုတ်ပြန်ပါတယ်။  အထွေထွေရွေးကောက်ပွဲကြီး ကျင်းပတဲ့ ဒီနေ့မှာ မြန်မာပြည်သူပြည်သားအပေါင်းအတွက် အထူးဂုဏ်ယူတယ်လို့လည်း ဆိုပါတယ်။  “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြဋ္ဌာန်းထားတဲ့ ကန့်သတ်ချက်တွေနဲ့ မဲဆန္ဒရှင်တွေ မဲပေးခွင့်ရုပ်သိမ်းခံရမှုတွေဟာ စိုးရိမ်ပူပန်ရမယ့်အချက်တွေ ဖြစ်ပေမယ့်လည်း ရွေးကောက်ပွဲတွေဟာ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတရပ် ဖြစ်ပါတယ်”လို့ သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ မြန်မာနိုင်ငံသား သန်းပေါင်းများစွာဟာ နိုင်ငံတဝန်းက မဲရုံတွေမှာ ဆန္ဒမဲပေးခြင်းဖြင့် သူတို့ရဲ့ အခြေခံရပိုင်ခွင့်တွေကို ကျင့်သုံးနေကြတဲ့ အချိန်မှာပဲ ရန်ကုန်နော်ဝေသံရုံးရဲ့ သံတမန်တွေနဲ့ ဒေသခံဝန်ထမ်းတွေဟာလည်း သံတမန်အသိုင်းအဝိုင်း ရွေးကောက်ပွဲစောင့်ကြည့်မှုမှာ ပါဝင်ဆောင်ရွက်နေကြတယ်လို့လည်း ဆိုပါတယ်။ မြန်မာနိုင်ငံတဝန်းမှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ဒီကနေ့ မနက် ၆ နာရီကနေ စတင်ကျင်းပခဲ့ပြီး မဲရုံအသီးသီးမှာ ဆန္ဒမဲတွေကို ရေတွက်နေဆဲ ဖြစ်ပါတယ်။  ဓာတ်ပုံ- နော်ဝေသံရုံး
2 years Ago
Up