နောင်မွန်ရဲကင်း

April 11, 2021

နောင်မွန်ရဲကင်းတွင် သေဆုံးသွားသည့် ရဲတပ်ဖွဲ့ဝင်များကို သင်္ဂြိုဟ်

နောင်မွန်ရဲကင်းတိုက်ခိုက်ခံရပြီး သေဆုံးခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဧပြီ ၁၁ ရက်နေ့ မွန်းလွဲပိုင်းက လားရှိုး ဘာသာပေါင်းစုံ သုဿာန်မှာ မီးသဂြိုလ်ခဲ့ပါတယ်။

လားရှိုးမြို့နယ် ရန်ကုန်-မန္တလေး-လားရှိုး-မူဆယ် အဝေးပြေးလမ်းမဘေးရှိ နောင်မွန် ရဲကင်းကို ဧပြီ ၁၀ ရက်နေ့ မနက် အစောပိုင်းက ညီနောင်မဟာမိတ် တပ်ဖွဲ့ဖြစ်တဲ့ TNLA, MNDAA နဲ့ AA တို့ ပူးပေါင်းဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

TNLA ပြောခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က ရဲကင်းစခန်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အောက်ခြေနဲ့ ​အဆက်အသွယ်မရသေးတာကြောင့် အတည်မပြုနိုင်သေးဘူးလို့ ပြောပါတယ်။

သေဆုံးသူ ၁၅ ဦး၊ ဒဏ်ရာရသူ ၇ ဦး၊ ပျောက်ဆုံးသူ ၂ ဦးရှိတယ်လို့ လူမှုကူညီရေး အသင်းဆီက သိရပါတယ်။ 

4 weeks Ago

April 10, 2021

လားရှိုး နောင်မွန်ရဲကင်း တိုက်ခိုက်ခံရပြီး ရဲ ၁၂ ဦးသေဆုံး၊ ၇ ဦးဒဏ်ရာရ

ရှမ်းပြည်နယ်၊ လားရှိုးမြို့ရှိ နောင်မွန်ရဲကင်းကို ဧပြီ ၁၀ ရက် မနက်က တိုင်းရင်းသားလက်နက်ကိုင် ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ရက္ခိုင့်တပ်တော် (AA)၊ တအာင်း (TNLA)နဲ့ ကိုးကန့် (MNDAA) တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာမှာ ရဲ  ၁၂ ဦးသေဆုံး ခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

နောင်မွန်ရဲကင်းကို မနက် ၅ နာရီ လောက်က စတင်ဝင်စီးပြီး မနက် ၇ နာရီလောက်အထိ ပစ်ခတ်ကြရာမှာ ရဲ  ၁၂ ဦးသေဆုံးပြီး ရဲမိသားစုဝင် ၇ ဦးဒဏ်ရာရရှိပြီးတော့  ၂ ဦးကတော့ ထွက်ပြေးလွတ်မြောက်နေတယ်လို့ သိရပါတယ်။

ဒီမနက် ၉ နာရီ ဝန်းကျင်လောက်မှာလည်း တန့်ယန်းလမ်းခွဲမှာ ပစ်ခတ်သံတွေကြား နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ရဲစခန်းတစ်ခုလုံး ကျသွားပြီးနောက်  လားရှိုးမြို့ အဝင်အဝိုင်းမှာ လုံခြုံရေး ကင်းချထားပြီး စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။

4 weeks Ago
Up