နောင်နန်းတိုက်နယ် အုပ်ချုပ်ရေးမှူး

September 17, 2021

မြစ်ကြီးနားမြို့ နောင်နန်းတိုက်နယ် အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နောင်နန်းတိုက်နယ် အုပ်ချုပ်ရေးမှူး စက်တင်ဘာ ၁၇ ရက်နေ့ မနက်ပိုင်းက သေနတ်နဲ့ ပစ်သတ်ခံရတဲ့အတွက် သေဆုံးသွားခဲ့ပါတယ်။

နောင်နန်းတိုက်နယ် အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်တဲ့ ဦးလှမြင့်ဟာ မနက် ၆ နာရီလောက်က သားဖြစ်သူနဲ့အတူ ဆိုင်ကယ် မောင်းနှင်နေစဉ် အမည်မသိ သေနတ်သမား နှစ်ဦးက ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ 

နောင်နန်းဒေသခံတဦးက “ဆိုင်ကယ်နဲ့ ၂ ယောက်က လာပစ်သွားတာ၊ ဦးလှမြင့်တို့ အသားအဖ ၂ ယောက် ဆိုင်ကယ်စီးပြီးပြန်အလာ သူတို့ အိမ်နားမှာပဲ လာပစ်သွားတာ၊ အုပ်ချုပ်ရေးမှူးက သေတယ်။ သူ့သားက လက်ကို  ထိသွားတယ်” လို့ ပြောပါတယ်။

သေနတ်ပစ်သတ်ခံရသူ အုပ်ချုပ်ရေးမှူး ဦးလှမြင့်ကို နာရေးကူညီမှုအသင်း ကားနဲ့ သယ်ဆောင်သွားပြီး လက်ကို သေနတ်မှန်ခဲ့တဲ့သားဖြစ်သူမှာလည်း အသက်အန္တရာယ်မစိုးရိမ်ရဘဲ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

နောင်နန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးဟာ မေ ၂၃ ရက်နေ့ကလည်း မီးရှို့ ဖျက်ဆီးခံလိုက်တယ်လို့ သိရပါတယ်။

1 month Ago
Up