နောင်တရ

September 14, 2020

ဂွန်ဇာလက်ကို ပြင်းပြင်းထန်ထန် မတုံ့ပြန်ခဲ့သည့်အပေါ် နောင်တရဟု နေမာပြော

မာဆေးလ်နောက်ခံလူ အယ်လ်ဗာတို ဂွန်ဇာလက်ကို ပြင်းပြင်းထန်ထန် မတုံ့ပြန်နိုင်ခဲ့တဲ့အတွက်သာ  နောင်တရတယ်လို့ ပီအက်စ်ဂျီတိုက်စစ်မှူး နေမာက ပြောပါတယ်။  ဂွန်ဇာလက်ဟာ သူ့ကိုလူမျိုးရေးခွဲခြားမှု လုပ်ဆောင်ခဲ့တယ်လို့လည်း နေမာက စွပ်စွဲထားပါတယ်။  ပီအက်စ်ဂျီနဲ့ မာဆေးလ်တို့ရဲ့တနင်္ဂနွေနေ့ပွဲစဉ်မှာ မာဆေးလ်အသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး ဒီပွဲမှာ နှစ်ဖက်ကစားသမားတွေ ညိခဲ့ကြတာကြောင့် ၂ သင်းပေါင်း ၅ ဦးအထိ ထုတ်ပယ်ခံခဲ့ရပါတယ်။  နေမာဟာ နောက်ဆုံးအထုတ်ခံရတဲ့သူဖြစ်ပြီး သူ့ကို လူမျိုးရေးခွဲခြားတယ်လို့ စွပ်စွဲထားတဲ့ ဂွန်ဇာလက်ရဲ့ ခေါင်းကိုရိုက်ခဲ့လို့ ဖြစ်ပါတယ်။  ဒီဖြစ်စဉ်မှာ နေမာဟာ ဂွန်ဇာလက်ကို တော်တော်လေးပေါက်ကွဲခဲ့ပုံရပြီး ပွဲအပြီးမှာလည်း လူမှုကွန်ရက် ပေါ်မှာ “ဒီနေ့ပွဲမှာ နောင်တအရဆုံးက အဲ့ဒီကောင်ရဲ့မျက်နှာကို မတီးလိုက်ရတာပဲ” လို့ ရေးသားခဲ့ပါတယ်။ အဲ့ဒီနောက်မှာလည်း ဂွန်ဇာလက်ဟာ ကွင်းထဲမှာ သူ့ကိုစော်ကားတဲ့ စကားတွေပြောဆိုခဲ့တယ်လို့ တွစ်တာမှာ ထပ်မံရေးသားခဲ့ပါတယ်။  တနင်္ဂနွေနေ့ပွဲစဉ်မှာ နှစ်ဖက်ကစားသမားတွေကြား အကျည်းတန်တဲ့ဖြစ်ရပ်တွေ မကြာခ ဏဆိုသလို ဖြစ်ပွားခဲ့ပြီး ကွင်းလယ်ဒိုင်က အဝါကတ် ၁၄ ကတ်အထိအသုံးပြုကာ ပွဲကို ထိန်းသိမ်းခဲ့ရပါတယ်။  နေမာဟာ ဒုတိယပိုင်းအချိန်ပိုမှာ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။  တနင်္ဂနွေနေ့ရှုံးပွဲကြောင့် ပီအက်စ်ဂျီအသင်းဟာ လီဂူး ၁ မှာ ရာသီအစ ၂ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့မှုအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ဒါဟာ ၁၉၈၄-၈၅ နောက်ပိုင်း ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။  နေမာက လူမျိုးရေးခွဲခြားတယ်လို့ စွပ်စွဲခဲ့ပေမယ့် မာဆေးလ်နည်းပြဗီလာ ဘိုအာ့စ်ကတော့ သူ့ကစားသမားဘက်က ကာကွယ်ပြောဆိုသွားခဲ့ပြီး ဂွန်ဇာလက်ဟာ လူမျိုးရေးခွဲခြားမှုပြုလုပ်မယ့်လူမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။  ဒါ့အပြင် ပီအက်စ်ဂျီကစားသမား ဒီမာရီယာဟာ မာဆေးလ်ကစားသမားတဦးကို တံတွေးနဲ့ ထွေးခဲ့တယ်လို့ သူကစွပ်စွဲခဲ့ပါတယ်။  ဒီပွဲမှာ ပီအက်စ်ဂျီကစားသမားတွေဖြစ်တဲ့ နေမာနဲ့ ဒီမာရီယာတို့ဟာ ကိုဗစ်-၁၉ ရောဂါ ပြန်လည်သက်သာလာခဲ့ပြီးနောက် ပထမဆုံးကစားတဲ့ပွဲဖြစ်ပြီး ဘိုအာ့စ်က သူတို့နှစ်ဦးရဲ့ ကြိုးစားအားထုတ်မှုနဲ့   စွမ်းဆောင်ရည်ကောင်းပြသခဲ့မှုကိုလည်း ထုတ်ဖော်ချီးကျူးခဲ့ပါတယ်။ 
1 year Ago
Up