နောက်တိုးသက်သေ တပ်တင်

September 20, 2021

အတိုင်ပင်ခံအပေါ်စွဲထားသည့် ပို့ကုန်သွင်းကုန်ပုဒ်မ ၈ နှင့်ပတ်သက်၍ နောက်တိုးသက်သေ တပ်တင်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီကနေ စွဲဆိုထားတဲ့ အမှုတွေထဲကနေ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ နဲ့ စွဲဆိုထားတဲ့အမှုအတွက် ဒီနေ့ရုံးချိန်းမှာ တရားလိုတွေဘက်က နောက်တိုး သက်သေ ထပ်တင်လိုက်တယ်လို့ ရှေ့နေတွေက ပြောပါတယ်။

စက်တင်ဘာလ ၂၀ ရက်နေ့ ရုံးချိန်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့ကို ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်ပါတယ်။

ရှေ့နေ ဒေါ်မင်းမင်းစိုးက “အမေစုကို စွဲထားတဲ့ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ အမှုကို အမှုစစ်ကို စစ်တယ်။ တရားလိုပြ သက်သေတွေကတော့ အကုန်လုံးပြီးသွားပြီ။ စစ်ပြီးတဲ့အခါမှာ သူတို့ဘက်က နောက်တိုး သက်သေတင်တဲ့ အတွက်ကြောင့် ကျမတို့ဘက်က ကန့်ကွက်တယ်။ နှစ်ဖက်လျောက်လဲချက်ကို နောက်ရုံးချိန်းမှာ ပေးမယ်ဆိုပြီး ချိန်းတယ်” လို့ ပြောပါတယ်။

ဒါအပြင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ အမှုနဲ့ ပတ်သက်ပြီး တရားလိုပြသက်သေအမှုကို စစ်ဆေးခဲ့ပေမယ့် မပြီးသေးဘဲ သက်သေခံစာရွက်ကို မိတ္တူကူးဖို့ လိုအပ်နေလို့ဆိုပြီး နောက်ရုံးချိန်းမှာ ဆက်လက်စစ်ဆေးမယ်လို့ သိရပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ အမှုမှာလည်း တရားလိုပြသက်သေ မလာတဲ့အတွက် မစစ်ဖြစ်ဘဲ နောက်ရုံးချိန်းမှာ ဆက်လက် စစ်ဆေးမယ်လို့ ဆိုပါတယ်။

ဒီနေ့ ရုံးချိန်းမှာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကို စွဲဆိုထားတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ အမှုမှာ တရားလိုအပါအဝင် တရားလိုပြသက်သေတွေ အားလုံးကို စစ်ဆေးပြီးသွားပြီဖြစ်တဲ့အတွက် စွဲချက်လျောက်လဲချက် နှစ်ဖက် ကြားနာဖို့ကိုလည်း နောက်ရုံးချိန်းမှာ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ရှေ့နေက ပြောပါတယ်။

အမှုတွေအတွက် နောက်ရုံးချိန်းကို စက်တင်ဘာ ၂၇ ရက်နေ့ကို ပြန်လည်ချိန်းဆိုလိုက်တယ်လို့ ဆိုပါတယ်။

2 years Ago
Up