နောက်တကြိမ် သမ္မတ

March 12, 2020

သမ္မတပူတင် ထပ်မံအရွေးခံရမည့် အခြေခံဥပဒေပြင်ဆင်ချက်ကို အတိုက်အခံများ ဆန္ဒပြ

ရုရှားအတိုက်အခံ တက်ကြွလှုပ်ရှားသူတွေဟာ ဗုဒ္ဓဟူးနေ့ မတ် ၁၁ ရက်နေ့မှာ သမ္မတပူတင်ကို နောက်တကြိမ် သမ္မတအဖြစ် ဆက်လက်တာဝန် ထမ်းဆောင်ခွင့်ပေးမယ့် အခြေခံဥပဒေ ပြင်ဆင်ချက်ကို ဆန္ဒပြ ကန့်ကွက်ခဲ့ကြပါတယ်။ မြို့တော်မော်စကိုက ရင်ပြင်နီမှာ ဆန္ဒပြသူတွေဟာ “ပူတင်နဲ့ ဂိတ်ဆုံးပါပြီ၊ ပူတင်ထွက်ကို ထွက်ရမယ်” စတဲ့ စာတန်းကတ်ပြားတွေကိုင်ဆောင်ပြီး ဆန္ဒပြနေတာပါ။   “ကျနော်တို့ဟာ တခြားဥရောပနိုင်ငံတွေလိုပဲ လွတ်လပ်မှုနဲ့ ဒီမိုကရေစီနဲ့ ထိုက်တန်ပါတယ်။ အခု ပူတင်လုပ်နေတာက ရိုင်းစိုင်းတဲ့ ဆွေမျိုးသားချင်း ကောင်းစားရေး ဝါဒသာဖြစ်ပြီး၊ ဥပဒေကို မလေးစားမှုပါ” လို့ ရုရှားအတိုက် အခံ ခေါင်းဆောင် လီယိုနစ် ဂေါ့ဇ်မန်းက ဆိုပါတယ်။ ပူတင်ဟာ ရုရှားနိုင်ငံရေးကို သမ္မတ ရာထူးတလှည့်၊ ဝန်ကြီးချုပ်ရာထူး တလှည့်စီနဲ့ ဆက်တိုက်ရယူပြီး လွှမ်းမိုးထားလာတာ အခုဆိုရင် ဆယ်စုနှစ် နှစ်ခုကျော် ရှိနေပါပြီ။  အခု ရုရှားဒူးမားလွှတ်တော်မှာ ဗုဒ္ဓဟူးနေ့က အမတ်ဖြစ်သူ ဗလင်တီနာ တာရက်ရှ်ကော်ဗာ (Valentina Tereshkova) တင်သွင်းထားတဲ့ အခြေခံဥပဒေ ပြင်ဆင်ချက်အရ  ပူတင်ဟာ ၂၀၂၄ မှာ လက်ရှိ ဒုတိယအကြိမ် သမ္မတသက်တမ်းပြီးနောက်၊ နောက်ထပ် ခြောက်နှစ်သက်တမ်း နှစ်ကြိမ် ထပ်မံ တာဝန်ထမ်းဆောင် ခွင့်ရမှာဖြစ်လို့ သူ့သက်တမ်းက ၂၀၃၄ အထိ ဆက်ရှိသွားနိုင်ပါတယ်။ ”ပြဇာတ်ရဲ့ဇာတ်ကွက်ကတော့ ခင်းပြီးသွားပြီ။ ကျနော်တော့ ပူတင့်လက်အောက်မှာ နောက်ထပ် ၁၂ နှစ်ထပ်နေဖို့ မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် ဒီနေရာကို လာပြီး ဆန္ဒထုတ်ဖော်ရတာပါ။ ဒီသမ္မတကို ကျနော် ထွက်စေချင်လှပြီ” လို့ ဆန္ဒပြသူတဦးဖြစ်တဲ့ ဆာဂျီ ကလည်း ပြောပါတယ်။ အသက် ၆၇ နှစ်ရှိပြီဖြစ်တဲ့ ဗလာဒီမာ ပူတင်ရဲ့ သမ္မတအဖြစ် ဆက်လက်ရွေး ‌ကောက်ခံခွင့်ကို တိုးပေးမယ့် အခြေခံဥပဒေပြင်ဆင်ချက်ကို ရုရှားအောက်လွှတ်တော်က အတည်ပြုပေးထားပြီး အတည်ပြုမယ့် ပြည်သူ့ဆန္ဒခံယူပွဲကိုတော့ လာမယ့် ဧပြီ ၂၂ ရက်နေ့ ကျင်းပမှာဖြစ်ပါတယ်။
2 years Ago
Up