ရိုးမား နောက်ခံလူ အလက်ဇန်းဒါး ကိုလာရော့ဗ်ဟာ အင်တာမီလန်အသင်းကို အပြီးသတ် ပြောင်းရွှေ့သွားပြီဖြစ်ပါတယ်။
ကိုလာရော့ဗ်ဟာ အင်တာမီလန်အသင်းနဲ့ ၂ နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး စက်တင်ဘာ ၈ ရက် နေ့လယ်ပိုင်းမှာ အင်တာမီလန်အသင်းနဲ့ တရားဝင်မိတ်ဆက်ခဲ့ပါတယ်။
အင်တာမီလန်အသင်းဘက်ကလည်း အသက် ၃၄ နှစ်အရွယ် ကစားသမားရဲ့ အပြောင်းအရွှေ့ကိစ္စကို တရားဝင်ထုတ်ပြန်ကြေညာခဲ့ပြီး ဒီထုတ်ပြန်ချက်မှာ စစ်ဒဏ်သင့် ဆားဘီးယားနိုင်ငံက လူငယ်တစ်ဦးအဖြစ်ကနေ ပရော်ဖက်ရှင်နယ် ဘောလုံးသမားတစ်ဦး ဖြစ်လာတဲ့ ကိုလာရော့ဗ်ရဲ့အကြောင်းကို သီကုံးရေးသားထားတာကိုလည်း တွေ့ရပါတယ်။
ကိုလာရော့ဗ်ဟာ လာဇီယို၊ မန်စီးတီး စတဲ့ ထိပ်တန်းကလပ်အသင်းတွေမှာ ကစားခဲ့ဖူးသူ ဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ မန်စီးတီးအသင်းကနေ ရိုးမားအသင်းကို ပြောင်းရွှေ့ခဲ့ပြီး အသင်းအတွက် ပြိုင် ပွဲစုံ ၁၃၂ ပွဲ ကစားပေးခဲ့သူ ဖြစ်ပါတယ်။
အင်တာမီလန်အသင်းကို ရောက်ရှိခဲ့တာကြောင့် ကိုလာရော့ဗ်ဟာ ချဲလ်ဆီးနည်းပြဟောင်း ကွန်တီရဲ့လက်အောက်မှာ ကစားရမှာ ဖြစ်ပါတယ်။
ကွန်တီဟာ အင်တာမီလန်အသင်းကို ၉ နှစ်အတွင်း စီးရီးအေပြိုင်ပွဲရဲ့ အမြင့်ဆုံးအဆင့်ကို ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
ကွန်တီရဲ့ လက်ထက်ပြီးခဲ့တဲ့ရာသီမှာ အင်တာမီလန်အသင်းဟာ စီးရီးအေ ချန်ပီယံ ဂျူဗင်တပ်စ်အသင်းနဲ့ ၁ မှတ်အကွာ အဆင့် ၂ နေရာကို ရရှိခဲ့ပါတယ်။ ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲအထိ ရောက်ရှိခဲ့ပေမယ့် ဆီဗီလာအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ဒုတိယအဖြစ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။
အင်တာမီလန် ကစားသမားသစ် ကိုလာရော့ဗ်ဟာ ပုံမှန်ပွဲထွက်ခွင့်ရရှိဖို့အတွက် ယူနိုက်တက် ကစားသမားဟောင်း အက်ရှ်လေယန်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ကွန်တီရဲ့ အင်တာမီလန်အသင်းဟာ ကိုလာရော့ဗ်မတိုင်ခင် နောက်ခံအစွန်လူနေရာအတွက် ရီးရဲလ်မက်ဒရစ်အသင်းက ဟာကီမီကိုလည်း ခေါ်ယူထားပါတယ်။
6 months Ago