နေအိမ် ၅၀ ကျော်မီးရှို့ခံရ

September 29, 2021

လွိုင်ကော် ကုန်းသာကျေးရွာအနီး တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ်သား ၃၀ ကျော်သေဆုံး၊ ဒီးမော့ဆို၌ နေအိမ် ၅၀ ကျော်မီးရှို့ခံရ

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာအနီးမှာ စက်တင်ဘာ ၂၉  ရက်က  ဒီးမော့ဆို PDF၊ မိုးဗြဲ PDF ၊ ဖယ်ခုံ PDF၊ လွိုင်ကော် PDF ၊KA နဲ့ KNDFတို့ပူးပေါင်းတပ်ဖွဲ့တွေနဲ့  အကြမ်းဖက်စစ်ကောင်စီတပ်တွေ တနေကုန်နီးပါး တိုက်ပွဲဖြစ်ပွားရာမှာ   စစ်ကောင်စီဘက်က အယောက် ၃၀ ထက်မနည်းကျဆုံးပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့တယ် ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် (DMO PDF) ကသတင်းထုတ်ပြန်ပါတယ်။ 

ဒီတိုက်ပွဲမှာ ဒီးမော့ဆို PDF တပ်ရင်း (H)မှ ၁ ဦး၊ ဖယ်ခုံ PDF မှ ၄ ဦး စုစုပေါင်း ၅ ဦး ကျဆုံးခဲ့ပြီး ဖယ်ခုံPDF မှ ၁ ဦးနဲ့ လွိုင်ကော် PDF မှ ၁  ဦး ဒဏ်ရာရသွားတယ်လို့လည်းဆိုပါတယ်။ 

ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ်၊ မိုးဗြဲဘက်ကနေ ဖယ်ခုံ-လွိုင်ကော် ကားလမ်းမတလျှောက် စစ်ကြောင်းထိုးလာတဲ့ စစ်ယာဥ်တန်း ၄၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းနဲ့ ဖယ်ခုံPDF (အင်းအရှေ့ခြမ်းတပ်ခွဲ)၊ လွိုင်ကော် PDF၊ ဒီးမာ့ဆို PDF နဲ့ အခြားနယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေပါဝင်တဲ့ တပ်ပေါင်းစုတို့ ရှမ်းကယားနယ်စပ် လွိုင်ကော်မြို့နယ် ကုန်းသာရွာအနီး မနက် ၉ နာရီခန့်မှ စတင်ကာ ည ၇ နာရီထိ တိုက်ပွဲ ပြင်းထန် ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်အကျအဆုံး ကြီးမားလို့ လွိုင်ကော်မြို့မှ စစ်ကူတွေခေါ်ကာ၊ လက်နက်ကြီးအင်အား အလွန်အကျွံအသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ လွိုင်ကော် PDF ကဆိုပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်အပြည့်တင်လာတဲ့ ကားတစ်စီးကို တိုက်ခိုက်မီးရှို့ဖျက်စီးနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ အခုရက်ပိုင်းအတွင်း  ဖယ်ခုံ၊ မိုးဗြဲလွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့နယ်တွေကို  အင်အားအလုံးအရင်နဲ့ ထိုးစစ်ဆင်နေပြီး လက်နက်ကြီးတွေနဲ့ ရမ်းသန်း ပစ်ခတ်ခဲ့တာကြောင့် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ  ပြည်သူလူထုရဲ့ နေအိမ် ၅၃ လုံး မီးလောင် ဆုံးရှုံးခဲ့ရတယ်လို့ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ထံက သိရပါတယ်။

Photo- DMO PDF/Loikaw PDF

1 year Ago
Up