နေအိမ် မီးရှို့ဖျက်ဆီး

September 26, 2021

ယင်းမာပင်မြို့နယ်တွင် စစ်တပ်က လူနေအိမ်အချို့ကို မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကံစု​ကျေးရွာကို စက်တင်ဘာ ၂၆ ရက် မနက်ပိုင်းက စစ်​ကောင်စီအကြမ်းဖက်တပ်ဖွဲ့တွေ ဝင်​ရောက်လာခဲ့ပြီး ရွာသားတွေရဲ့ နေအိမ်တချို့ကိုမီးရှို့ မွှေနှောက် ဖျက်ဆီးသွားပါတယ်။

ဘန့်​ဘွေး​​ကျေးရွာအနီးမှာ တပ်စွဲထားတဲ့ စစ်​ကောင်စီတပ်ဖွဲ့ဟာ ကံစု​ကျေးရွာကို ဒီမနက်ပိုင်းက ဝင်​ရောက်ခဲ့ပြီး ဘန့်​​ဘွေး​ကျေးရွာနဲ့ ကံစု​ကျေးရွာကြားမှာရှိတဲ့ တော​နေအိမ်နဲ့ အိမ်ထဲရှိ ဆိုင်ကယ်ပါ မီးရှို့သွားခဲ့သလို ကံစု​ကျေးရွာအတွင်းက ​နေအိမ် ၁ လုံးကိုလည်း ​​မွှေ​နှောက်ဖျက်ဆီးသွားခဲ့တယ်လို့ ​ဒေသခံတစ်ဦးက ​ပြောပါတယ်။

မီးရှို့ခံလိုက်ရတဲ့ ​နေအိမ်ပိုင်ရှင်ဟာ ဦးချစ်ကြည် ဆိုသူဖြစ်ပြီး ​မွှေ​နှောက်ဖျက်ဆီးခံလိုက်ရတဲ့ အိမ်ပိုင်ရှင်က​တော့ ဦး​ဟိန်း​ဇော်ရဲ့ ​နေအိမ် ဖြစ်ပါတယ်။ 

ကံစု​ကျေးရွာကို ဝင်​ရောက်​စဥ်က စစ်​ကောင်စီတပ်ဖွဲ့တွေက ရွာသား  ၄ ဦးလောက်ကို ဖမ်းဆီးခဲ့ပြီး  အသက်ကြီးပိုင်း ၁ ဦးကိုတော့ ပြန်လည်လွှတ်​​ပေးလိုက်ကာ ကျန်တဲ့သူ​တွေ လွှတ်​ပေးခြင်းရှိ၊ မရှိ မသိရှိရ​သေးဘူးလို့ ​ဒေသခံ​တွေက​ ပြောပါတယ်။

1 month Ago
Up