နေအိမ်ကွာရန်တင်း၀င်ရမည်

December 11, 2020

ဧရာ၀တီတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်အပါအဝင် ၀န်ကြီးအားလုံး နေအိမ်ကွာရန်တင်း၀င်ရမည်

ဧရာတိုင်းဒေသကြီး စည်ပင်၀န်ကြီးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိပြီးနောက် ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးအားလုံးကို ဆေးစစ်ဖို့အတွက် Swab ယူပြီး စစ်ဆေးသွားမှာဖြစ်တယ်လို့ တိုင်းအစိုးရအဖွဲ့ရုံးက သိရပါတယ်။ ဝန်ကြီးချုပ် ဦးလှမိုးအောင်နဲ့ ၀န်ကြီးအားလုံး ကိုဗစ်-၁၉ ရောဂါပိုးရှိ မရှိစစ်ဆေးဖို့ကို တိုင်းကျန်းမာရေးအစီအစဉ်နဲ့ လုပ်ဆောင်တာဖြစ်ပြီး ဒီမနက် ၁၀ နာရီလောက်မှာ စတင်စစ်ဆေးမှာဖြစ်တယ်လို့ တိုင်းအစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ လျှပ်စစ်၊ စက်မှုလက်မှုနဲ့ လမ်းပန်း ဆက်သွယ်ရေး၀န်ကြီး ဦး၀င်းဌေးက ပြောပါတယ်။ "တိုင်းကျန်းမာရေး အစီအစဉ်နဲ့ စစ်မှာပါ၊ အစိုးရအဖွဲ့က ၀န်ကြီးအားလုံးစစ်ဆေးရမှာ၊ ပြီးရင်တော့ ၅ ရက်လောက် အိမ်မှာနေပြီ အလုပ်လုပ်ရမှာဖြစ်ပါတယ်" လို့ ပြောပါတယ်။ ဆေးစစ်ပြီးပါက တိုင်းအစိုးရအဖွဲ့က ၀န်ကြီးတွေအားလုံး ၅ ရက်လောက် နေအိမ်မှာ ကွာရန်တင်း၀င်ရမှာဖြစ်သလို  အလုပ်တွေကိုတော့ နေအိမ်ကနေပဲ ဆက်လက် လုပ်ဆောင်သွားရမှာဖြစ်တယ်လို့ ပြောပါတယ်။ ဒီဇင်ဘာလ ၉ ရက်နေ့က ဧရာ၀တီတိုင်းအစိုးရအဖွဲ့က စည်ပင်၀န်ကြီး ဦးကျော်မြင့် ကိုဗစ်-၁၉ ရောဂါကူး စက်ခံခဲ့ရတာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ပုသိမ်မြို့က တိုင်းရင်းကျန်းမာရေးဆေးရုံမှာ ဆေးကုသမှုတွေ လုပ်ဆောင်ပေးနေသလို လွှတ်တော်က လုပ်သား ၁ ဦးလည်း ရောဂါ ကူးစက်ခံထားရတာပါ။ ဧရာ၀တီတိုင်းဒေသကြီးမှာ ဒီဇင်ဘာလ ၁၀ ရက် အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၄၄၁ ဦးထိရှိပြီး ဆေးရုံဆင်းခွင့်ရသူ ၂၆၅၅ ဦးရှိကာ သေဆုံးသူလူနာ ၂၃ ဦးရှိတယ်လို့ တိုင်းကျန်းမာ ရေးဦးစီးဌာနရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ မင်းထက်မုန်း (ပုသိမ်)
4 months Ago
Up