နေအိမ်

June 21, 2022

သာစည်မြို့နယ်၌ ပြည်သူနေအိမ်၂ လုံး မီးရှို့ခံရပြီး PDF ၃ ဦး ဖမ်းဆီး သတ်ဖြတ်ခံရ

မန္တလေးတိုင်း၊ သာစည်မြို့နယ်၊ ငှက်ပျောတောကျေးရွာမှာ ဇွန် ၂၀ ရက် မနက် ၁၁ နာရီခွဲလောက်က စစ်ကောင်စီတပ်က ကား ငါးစီးနဲ့ ကျေးရွာအတွင်း ဝင်လာပြီး ပြည်သူ့နေအိမ် နှစ်လုံးကို မီးရှို့ ဖျက်ဆီးခဲ့ပြီး PDF ရဲဘော်  သုံးယောက်ကို ဖမ်းဆီး သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက "ဒလန် သတင်းပေးလို့ပေါ့။ သူတို့ရွာထဲမှာရှိနေတဲ့အချိန် ဝင်စီးခံလိုက်ရတာ သုံးယောက်ကတော့ ဖမ်းမိသွားပြီး သတ်ခံလိုက်ရတယ်လို့ကြားတယ်။ ကျန်တဲ့အဖွဲ့ဝင်တွေက ပိတ်မိနေပေမဲ့ အချိန်မီကယ်ထုတ်ခဲ့နိုင်ပြီး အခုအချိန် လွတ်မြောက်နယ်မြေဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင် EAO တွေဆီမှာ ရောက်ရှိနေပြီ” လို့ ပြောပါတယ်။ 

ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတဲ့ ရဲဘော် သုံးယောက်ကို ပျူစောထီးတွေနဲ့ စစ်ကောင်စီ တပ်သားတွေက ပဲရင်းတောင်ကျေးရွာ သင်္ချိုင်းမှာ မြှပ်နှံခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အဆိုပါ ရဲဘော်သုံးယောက်က တယောက်ဖြစ်တဲ့ ရဲဘော် ကိုလှစိုးက " အန္တရာယ်တွေကြားထဲမှာ ပြည်သူတွေကို မထားခဲ့ချင်ဘူး။ ကျနော်တို့မှ ပြည်သူကိုမကာကွယ်ပဲ ရွာကိုစွန့်ခွာသွားရင် ပြည်သူတွေ ပိုအနိုင်ကျင့်ခံရလိမ့်မယ်။ ဒါ့ကြောင့် ပြည်သူတွေကိုရတဲ့နည်းနဲ့ ကာကွယ်ပေးပြီး စစ်ကောင်စီကို တိုက်ထုတ်သွားမယ်”လို့ မကျဆုံး နှစ်ရက်လောက်က  ပြောခဲ့ပါသေးတယ်။ 

စစ်ကောင်စီ မီးရှို့ဖျက်ဆီးခဲ့တဲ့ နေအိမ် တလုံးကတော့ ငှက်ပျောတောကျေးရွာရှိ NLD ပါတီဝင် ဦးထိန်လင်း အိမ်ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

ဒါ့အပြင် ရွာငံမြို့နယ် လွှစင်ရွာရှိ ကိုဖိုးအေး နေအိမ်ကိုလည်း PDF တွေ နဲ့ ဆက်စပ်မှုရှိတယ် အထင်နဲ့ ဇွန် ၂၀ ရက် ညပိုင်းမှာ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီး ကိုဖိုးအေး တို့မိသားစုကတော့ ကြိုတင်တိမ်းရှောင် နိုင်ခဲ့လို့  ထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။ 

ဇွန် ၁၈ ရက် မနက် ၅ နာရီခွဲလောက်က သာစည်မြို့နယ် ငှက်ပျောတောကျေးရွာအုပ်စုမှ ဦးအောင်ခိုင်ရဲ့ အိမ်ကို ပျူစောထီးခေါင်းဆောင်ရဲ့ လမ်းပြမှုနဲ့ စစ်ကောင်စီ ကား ၇ စီးနဲ့ ဝင်ရောက်လာပြီး နေအိမ်အတွင်းမှာရှိတဲ့ တန်ဖိုးကြီးပစ္စည်းတွေ၊ ဆိုင်ကယ်တွေ ၊ ဆန်စပါးတွေကို ယူဆောင်ကာ အိမ်ကို မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။

3 days Ago

June 19, 2022

ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ၏နေအိမ် ဗုံးပစ်ခံရ

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ရှိ၊ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေရဲ့ နေအိမ်ကို ဇွန် ၁၉ ရက်က ဗုံးနဲ့ထပ်မံ ပစ်ခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဆူးကုန်းရပ်ကွက်ရှိ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ အိမ်တံခါးရှိ စစ်ကောင်စီတပ်ဖွဲ့တွေ လုံခြုံရေးယူထားတဲ့ ကင်းဂိတ်ကို ကျောက်ဆည်ခရိုင်ကာကွယ်ရေး တပ်ဖွဲ့(K.D.D.F)က ဇွန်လ ၁၉ ရက် ဒီမနက် ၆ နာရီ ၄၅ မိနစ်အချိန်မှာ ဗုံးပစ် တိုက်ခိုက်ခဲ့ တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ကျောက်ဆည်ဒေသခံတစ်ဦးက "ထိခိုက်ကျဆုံးမှုက အခုထိတော့ မသိရသေးဘူး။ ဂိတ်ပေါက်မှာ စောင့်နေတဲ့နေရာတွေကို သူတို့ ဝင်ပစ်တာပေါ့နော်။ အဲဒီလိုမျိုး ဝင်ပစ်တာပဲ၊ အဲဒီ အရင်နှစ်ခုလုံးမှာလည်း ထိခိုက်ကျဆုံးက တစ်ခုမှတော့ မရှိဘူး"

ဦးသန်းရွှေရဲ့ နေအိမ်ကို ဗုံးပစ်တိုက်ခိုက်ခံရတာ အခုတကြိမ်နဲ့ပါဆို သုံးကြိမ်ရှိပြီဖြစ်ပြီး  အရင်နှစ်ကြိမ်မှာလည်း ထိခိုက်သေဆုံးတာ  မရှိပါဘူး။

ကျောက်ဆည်မြို့ အဝင်မြောက်ဘက်၊ သီးကုန်းကျေးရွာအနီး ကားလမ်းမမှာတော့ ပြီးခဲ့တဲ့လတွေ ကတည်းက စစ်ကောင်စီတပ်ဖွဲ့တွေဟာ လုံခြုံရေးအပြည့်ချထားပြီး ဖြတ်သန်းသွားလာတဲ့ ကားတွေနဲ့ မသင်္ကာတဲ့ဆိုင်ကယ်တွေကို ရပ်တန့်ခိုင်းပြီး စစ်ဆေးနေခဲ့တယ်လို့ သိရပါတယ်။ 

အဆိုပါ ဂိတ်နားကနေ ဖြတ်သန်းသွားလာတဲ့ ဆိုင်ကယ်တွေဟာ မောင်းနှင်ခြင်း မပြုရဘဲ ဆင်းတွန်းသွားရတယ်လို့လည်း ဒေသခံတွေထံက သိရပါတယ်။

5 days Ago

သာစည်မြို့နယ်တွင် စစ်တပ်က ပြည်သူ ၁ ဦး၏ နေအိမ်ကို မီးရှို့၊ ဆိုင်ကယ်နှင့် အဖိုးတန်ပစ္စည်းများ ယူဆောင်သွား

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် ငှက်ပျောတောကျေးရွာအုပ်စုမှာ PDF နဲ့ ဆက်နွှယ်တယ်ဆိုပြီး ဒေသခံပြည်သူတယောက်ရဲ့ နေအိမ်ကို ဇွန်လ ၁၈ ရက်မှာ  စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ပြီး  ဆိုင်ကယ်နဲ့ အဖိုးတန်ပစ္စည်းတွေ ယူဆောင်သွားပါတယ်။

ငှက်ပျောတောကျေးရွာအုပ်စုမှာနေ ရွာသား ဦးအောင်ခိုင်နေအိမ်ကို ဇွန် ၁၈ ရက် မနက် ၅ နာရီခွဲလောက်မှာ ပျူစောထီးခေါင်းဆောင်ဦးဝင်းမြင့်နဲ့ ကလောမြို့ အခြေစိုက် တပ်မ ၅၅ တို့က စစ်ကောင်စီ ကား ၇ စီး၊ လူအင်အား ၅၀ ဝန်းကျင်နဲ့ ရောက်ရှိလာပြီး နေအိမ်အတွင်းက အဖိုးတန်ရွှေငွေတွေ၊ ဆိုင်ကယ်တွေကို ယူဆောင်ကာ အိမ်ကိုမီးရှို့ ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒေသခံတစ်ဦးက " မနက် ၅ နာရီခွဲအချိန်လောက်ကို သူတို့တွေ ရောက်လာတာ။  ဦးအောင်ခိုင်တို့မိသားစုကတော့ အချိန်မီရှောင်နိုင်လို့ လွတ်သွားပါတယ်။ သူ့အိမ်မှာရှိတဲ့ အဖိုးတန် ပစ္စည်းတွေနဲ့ ဆိုင်ကယ်တွေ ဖုန်းတွေ၊ ဆန်စပါးတွေကို ကားပေါ်တင်ပြီးယူသွားကြတယ်။  ဦးအောင်ခိုင်ရဲ့ သားအကြီးဖြစ်သူကို PDF တွေပုံပြပြီး မေးပြီးရိုက်နှက်တာတွေ လုပ်သွားပါတယ်။ ကျေးရွာအတွင်းမှာရှိတဲ့ ရွာသူ ရွာသားတွေကို စာသင်ကျောင်းမှာ စုခိုင်းပြီး အိမ်ကို မီးရှို့သွားတယ်။ နောက်တစ်ခေါက်ထပ်လာအုံးမယ်လို့ပြောသွားတယ်”လို့  ဒီဗွီဘီကို ပြောပါတယ်။

အမည်မဖော်လိုသူ ရွာသားတစ်ဦးက " ဦးအောင်ခိုင် အိမ်ကို လိပ်စာအတိအကျနဲ့ လာဖမ်းတာ ဖြစ်ချင်တော့ အကုန်လုံးရှောင်လိုက်နိုင်တယ်။ အိမ်နားက တောအစပ်မှာ ဖွက်ထားတဲ့ လက်နက်ခဲယမ်းနဲ့ မိုင်းတွေပါ မိသွားတယ်လို့ ကြားတယ်။ ဦးအောင်ခိုင်အိမ်မှာ ရှိတဲ့ ဆွဲကြိုး ၃ ကုံး၊ ရွှေလက်စွပ် ၂ ကွင်း၊ ပိုက်ဆံ ၃ သိန်းခွဲ၊ ဆိုင်ကယ် ၇ စီး၊ ဖုန်း ၁ လုံး နဲ့ ဆန်စပါး ၁၀ အိတ်ကျော် ကိုအကုန်ယူသွားတယ်။ ခြံထဲမှာစိုက်ထားတဲ့ ငရုပ်သီးတွေလည်းခူးတယ်။ မနက်စာအတွက် ချက်ထားတဲ့ အမဲသား ဟင်းအိုးကို အိုးလိုက်မ သွားတယ်လို့ "ပြောပါတယ်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရွာထဲဝင်လာတဲ့ အချိန် ကျေးရွာအတွင်းမှာရှိတဲ့ လူလတ်ပိုင်းအမျိုးသားတွေ ထွက်ပြေးတိမ်းရှောင်ကုန်ကြပြီး ဦးအောင်ခိုင်ရဲ့ နေအိမ်ကို အနီးနားမှာ ရှိတဲ့ ပြည်သူ တချို့က ဝိုင်းဝန်း မီးငြှိမ်းသတ်ပေးခဲ့တယ်လို့ သိရပါတယ်။ 

ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက "ကျနော်တို့ ဆုံးရှုံးမှုတွေက များပါတယ် ။ လက်နက်ခဲယမ်း တချို့နဲ့ စားနပ်ရိက္ခာတွေ ပါသွားတယ်။ အဘ ဦးအောင်ခိုင်ရဲ့ နေအိမ်မီးရှို့ရပြီး အိမ်တွင်း ပစ္စည်းတွေ ပါသွားတဲ့အတွက် စိတ်မကောင်း ဖြစ်ရပါတယ်။ အခုမဟုတ်တောင် အေးချမ်းတဲ့ အချိန် အိမ်ပြန်ဆောင်ပေးနိုင်ဖို့ကြိုးစားသွားမှာပါ” လို့ ပြောပါတယ်။ 

အဲဒီဒေသမှာ လှုပ်ရှားနေတဲ့ ပျူစောထီး ခေါင်းဆောင် ဦးဝင်းမြင့်နဲ့ တပည့် နှစ်ယောက် လိုက်ပါစီးနင်းလာတဲ့ ကားကို ပြီးခဲ့တဲ့ ဇွန် လ ၁၂   ရက် ညနေ ၅ နာရီခွဲလောက်က  ရွာငံမြို့နယ် မိန်းမရဲတောင်အနီး လမ်းမကြီးပေါ်မှာ အမည်မသိအဖွဲ့တဖွဲ့က သေနတ်နဲ့ တိုက်ခိုက်ခဲ့တာ တပည့် နှစ်ယောက် သေဆုံးသွားပြီး ဦးဝင်းမြင့်လည်း ထိခိုက်ဒဏ်ရာရသွားခဲ့ပါတယ်။

6 days Ago
More News
Up