နေသွင်ညိဏ်း

A d v e r t i s e m e n t With Us

December 29, 2020

လူသန်ကြီးတွေဆီမှာ အဖြေမရှိပါ

ဒီမိုကရေစီကို မလေးစားတဲ့ လူသန်တွေ strong men တွေနဲ့ ဒီမိုကရေစီနိုင်ငံကို သွားဖို့ဆိုတာ အတော် ရူးနှမ်းတဲ့ကိစ္စပါ။ လူသန်တွေဟာ ပြဿနာရဲ့ အဖြေထက် ပြဿနာရဲ့ အစိတ်အပိုင်းဖြစ်ဖို့ ပိုများပါတယ်။ ဇာတ်လမ်းနှစ်ပုဒ် အာရတ်နွေဦးမှာ အီဂျစ်မှာ ဇာတ်လမ်းတစ်ပုဒ်ရှိခဲ့တယ်။ မွတ်ဟာမက်မော်စီဆိုတဲ့ နိုင်ငံရေးနဲ့ ဘာသာရေး မသဲကွဲတဲ့ ပေါ်ပြူလစ် နိုင်ငံရေးသမားဟာ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့အခါ နိုင်ငံရေးကို ဘာသာရေးဇာတ်သွင်းတယ်။ အာဏာရှင်စနစ်ကို ဖြုတ်ချခဲ့တဲ့ လူငယ်တွေရဲ့ တော်လှန်ရေးကို မောင်ပိုင်စီးခဲ့တာပါ။ လစ်ဘရယ်တွေနဲ့ ဘာသာရေးအစွန်းရောက်တွေ ကွဲကုန်တယ်။ ကြားထဲက ဗိုလ်ချုပ်စီစီက အာဏာသိမ်းတဲ့အခါ ဒီမိုကရေစီနိုင်ငံတွေက မသိချင်ယောင် ဆောင်ပေးခဲ့ကြတယ်။ အီဂျစ်ဟာ ပေါ်လတီကယ်အစ္စလာမ် လူသန်ဆီကနေ စစ်ဗိုလ်ချုပ် လူသန်ကြီး လက်ထဲရောက်သွားတယ်။ စစ်တပ်က စိတ်ကြိုက်ရွေးကောက်ပွဲလုပ်ပြီး ဗိုလ်ချုပ်စီစီဟာ မစ္စတာစီစီ လုပ်ပြီး သမ္မတ တက်လုပ်တယ်။ အီဂျစ် ဒီမိုကရေစီ လမ်းဆုံးသွားတယ်။ အလားတူ နောက်ဇာတ်လမ်းတစ်ပုဒ်က စစ်တပ်အာဏာသိမ်းတဲ့ သမိုင်း ရှည်လျားတဲ့ ထိုင်းမှာဖြစ်ခဲ့တယ်။ ထိုင်းနိုင်ငံမှာ မစ္စတာသက်ဆင်က ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲမှာ အနိုင်ရပြီး စီးပွားရေးအတွက် တရားဥပဒေစိုးမိုးရေး၊ မီဒီယာလွတ်လပ်ခွင့်လို လစ်ဘရယ် အင်စတီကျူးရှင်းတွေကို ဖျက်ဆီးတဲ့အခါ စစ်တပ်အာဏာသိမ်းတာခံရတယ်။ ပေါ်ပြူလစ်နိုင်ငံရေးသမား သက်ဆင်ကြောင့် တောနဲ့ မြို့၊ တောင်ပိုင်းသားနဲ့ မြောက်ပိုင်းသား သွေးကွဲတယ်။ စစ်တပ်က အာဏာသိမ်းတယ်။ နောက်ထပ်လုပ်သမျှ ရွေးကောက်ပွဲတိုင်း သက်ဆင်လူတွေ (တပည့်၊ ယောက်ဖ၊ ညီမ) နိုင်တော့ စစ်တပ်က အာဏာသိမ်းတယ်။ နောက်ဆုံး စစ်တပ်က ဒီမိုကရေစီမဆန်တဲ့ ဖွဲ့စည်းပုံရေးပြီး ရိုးသားလှချည်ဆိုတဲ့ ဗိုလ်ချုပ် ပရာယွတ်က မစ္စတာ ပရာယွတ်လုပ်ပြီး ဝန်ကြီးချုပ်တက်လုပ်တယ်။ ထိုင်း ဒီမိုကရေစီ ကသောင်းကနင်း ဖြစ်နေတယ်။ ဒီဇာတ်လမ်းနှစ်ပုဒ်မှာ လူသန်ကြီးလေးယောက်ပါဝင်တယ်။ ဘယ်တစ်ယောက်မှ ဒီမိုကရေစီနဲ့ သဟဇာတ မဖြစ်ကြပါဘူး။ ဒီမိုကရေစီကိုဖျက်ဆီးတဲ့ နေရာမှာ အတူတူပါပဲ။ မြန်မာပြည်မှာ ဖဆပလခေတ် ဒီမိုကရေစီမှာ အထက်က ဇာတ်လမ်းမျိုး ကြုံဖူးပါတယ်။ နောက်ဆုံး ဗိုလ်ချုပ်နေဝင်း၊ နောက် ဦးနေဝင်းအောက်မှာ ဒီမိုကရေစီ လမ်းစပျောက်ခဲ့ရပါတယ်။ ၂၆ နှစ်ကြာပါတယ်။ နောက် နဝတ နအဖ နှစ် ၂၀ ကျော် ကြာပါတယ်။ စစ်တပ်ဦးဆောင်ရေးတဲ့ ဖွဲ့စည်းပုံကြောင့် အခုထိ ဒီမိုကရေစီ ရှေ့ဆက်ဖို့ ခက်နေတုန်း။ ဒီမိုကရေစီ ပြဿနာတွေကို ဒီမိုကရေစီဘောင်ထဲက ဖြေရှင်းကြရပါတယ်။ ဖြေရှင်းနိုင်စွမ်းလည်း ရှိရပါမယ်။ လူသန်ကြီးတွေဆီမှာ အဖြေမရှိပါဘူး။ ဒီမိုကရေစီ ပြဿနာကို ဖြေရှင်းဖို့ စစ်တပ်ကို လက်ယပ်ခေါ်တာ ရူးနှမ်းတာလို့ပဲ ပြောပါရစေ။ စစ်တပ်နဲ့ ဒီမိုကရေစီ အီဂျစ်စစ်တပ်နဲ့ ထိုင်းစစ်တပ်က အာဏာသိမ်းတဲ့ အကြောင်းပြချက်က ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရက အာဏာရှင်ဆန်လာလို့ တိုင်းပြည်မှာ သွေးထွက်သံယိုတာတွေ ပိုဆိုးမသွားအောင် ဝင်ထိန်းရတာလို့ ဆိုပါတယ်။ ဒါကို ပြည်သူတချို့က ထောက်ခံကြသလို ဒီမိုကရေစီနိုင်ငံတွေ (အထူးသဖြင့် အမေရိကန်နဲ့ ဥရောပ) ကလည်း မသိသလိုနေကြတယ်။ ဒါပေမဲ့ နိုင်ငံရေးထဲကို စစ်တပ်ဝင်လာပြီး စိတ်ကြိုက် ဖွဲ့စည်းပုံရေးဆွဲ၊ အာဏာသိမ်းခေါင်းဆောင်က ရွေးကောက်ပွဲဝင်၊ အာဏာကို ဆက်ကိုင်ထားတဲ့ အကျိုးရလဒ်ကတော့ တိုင်းပြည်မှာ နိုင်ငံရေးရှုပ်ထွေးမှုတွေ ဖြစ်စေတာပဲ အဖတ်တင်ပါတယ်။ ဒီမိုကရေစီကသောင်းကနင်းဖြစ်လို့ စစ်တပ်က အာဏာသိမ်းရိုးမှန်ရင် လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲကို အချိန်တိုအတွင်း ကျင်းပပေး၊ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံရတဲ့ အစိုးရလက်ထဲကို အာဏာလွှဲပြောင်းပေးရမှာ ဖြစ်ပါတယ်။ စစ်တပ်ဟာ စစ်တပ်နဲ့ မဆိုင်တဲ့ တိုင်းပြည်အုပ်ချုပ်ရေး ကိစ္စတွေမှာဝင်မစွက်ရပါဘူး။ စစ်တပ်နဲ့ ဆိုင်တဲ့ တိုင်းပြည်ကာကွယ်ရေး (ပြည်ပရန် ကာကွယ်ရေး) ကိစ္စတွေကို လုပ်ဖို့ စစ်တန်းလျားကို အေးအေးဆေးဆေးပြန်သွားရမှာပါပဲ။ မြန်မာစစ်တပ် မြန်မာပြည်မှာ စစ်တပ်က အာဏာသိမ်းတဲ့ သမိုင်းကို ကြည့်ရင် ၁၉၆၂ ခုနှစ် အာဏာသိမ်းမှုကို ကြည့်ကြည့်၊ ၁၉၈၈ အာဏာသိမ်းမှုကို ကြည့်ကြည့် ဒီမိုကရေစီအတွက် အာဏာရသိမ်းတဲ့ လက္ခဏာမရှိပါဘူး။ ဆန့်ကျင်ဘက်ကိုပဲ တွေ့နိုင်ပါတယ်။ ၁၉၆၂ ခုနှစ်မှာ ဒီမိုကရေစီနည်းကျ ရွေးချယ်ခံထားရတဲ့ အစိုးရလက်ထဲကနေ အာဏာကို သိမ်းယူခဲ့တယ်။ ၁၉၈၈ မှာ ဒီမိုကရေစီတောင်းဆိုတဲ့ လူထုဘက်က မလိုက်ဘဲ အာဏာရှင်ဘက်မှာ ရပ်တည်ခဲ့တယ်။ ၁၉၉၀ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲမှာ ပြည်သူလူထုက မဲပေးရွေးချယ်တဲ့ အနိုင်ရတဲ့ ပါတီကို အာဏာမလွဲခဲ့ဘူး။ အချိန်ဆွဲလာရင်း ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပခဲ့တယ်။ ဒီတကြိမ်မှာလည်း တပ်မတော်အစိုးရက ဦးဆောင်ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံကြောင့် ရှုပ်ထွေးမှုတွေ ဖြစ်ပြီး၊ ဒီမိုကရေစီ ခရီးမှာ အနှောင့်အယှက်တွေ ဖြစ်နေတာ အခုထိပါပဲ။ လူသန်မလို၊ အင်စတီကျူးရှင်းလို ဒီမိုကရေစီတည်ဆောက်ရေးမှာ လူသန်ကြီးတွေ မလို၊ ဒီမိုကရေစီ အင်စတီကျူးရှင်းတွေ သန်စွမ်းဖို့သာလိုပါတယ်။ အများလက်ခံနိုင်၊ တရားနည်းလမ်းကျ၊ တာဝန်ယူမှု တာဝန်ခံမှု ရှိတဲ့ အင်စတီကျူးရှင်းတွေ ကျန်းမာသန်စွမ်းမှ ဒီမိုကရေစီ ရှင်သန်နိုင်ပါလိမ့်မယ်။ အာဏာရှင်ဆန်တဲ့ ခေါင်းဆောင်မှုမျိုးထက် မှန်ကန်တဲ့ ခေါင်းဆောင်မှုကသာ အခရာကျပါတယ်။ ဒီမိုကရေစီစနစ်မှာ အပြန်အလှန်ထိန်းညှိမှု (Check and Balance) ၊ အာဏာခွဲခြားကျင့်သုံးမှု (Separation of Powers) လိုအပ်ပါတယ်။ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်တို့ အပြင် တခြားမဏ္ဍိုင်တွေရဲ့ ကဏ္ဍလည်း လိုအပ်ပါတယ်။ လူထုအခြေပြု အဖွဲ့အစည်းတွေ ရှင်သန်အားကောင်းမှ၊ မီဒီယာများ လွတ်လပ် အားကောင်းမှ ဒီမိုကရေစီ ရှင်သန်နိုင်ပါတယ်။ အခြေအနေကို ဓမ္မဓိဋ္ဌာန် ကျကျ နားလည်တဲ့ မှန်ကန်တဲ့ ခေါင်းဆောင်မှု လိုအပ်တယ်။ သွေးနထင် မရောက်ဘဲ နှိမ့်ချတတ်တဲ့ခေါင်းဆောင်၊ ငါ့စကားနွားရ မဟုတ်ဘဲ စေ့စပ်ညှိနှိုင်း စွမ်းရည်ရှိတဲ့ခေါင်းဆောင်၊ အာဏာကို မောင်ပိုင်မစီးဘဲ ခွဲဝေသုံးစွဲရကောင်းမှန်း သိတတ်နားလည်တဲ့ ခေါင်းဆောင်တွေ လိုအပ်ပါတယ်။ လူသန်ကြီးတွေဆီမှာ ဒီအရည်အချင်းမျိုး ရှိလိမ့်နေမယ်လို့ ထင်နေရင် စိတ်ကူးယဉ်မှုပဲ ဖြစ်ပါလိမ့်မယ်။ ဒီမိုကရေစီ ဆိုတာ လူသန်ကြီးတွေနဲ့ မအပ်စပ်တဲ့အရာပါ။ အတိတ်နဲ့ လက်ရှိ အခြေအနေကို ကြည့်ရင် လူသန်မှန်သမျှ ဒီမိုကရေစီကို ဖျက်စီးမယ်လို့ လူတွေချည်းဆိုတာ ထိုင်း၊ အီဂျစ်၊ မြန်မာနဲ့ ဒီမိုကရေစီ ဒယိမ်းဒယိုင် ဖြစ်နေတဲ့ နိုင်ငံတွေက သက်သေပြပြီးဖြစ်ပါတယ်။ နေသွင်ညိဏ်း 29/Dec/2020
2 months Ago

April 9, 2020

အစိုးရနဲ့ ပြည်သူ ညီညွတ်ရမယ့် အချိန် 

ကိုရိုနာ ဗိုင်းရပ်စ်ကို ထိန်းချုပ်ရခက်ပါတယ်။ သွေးထဲ သားထဲက သင်္ကြန်ပိုးဟာ ထိန်းချုပ်ရ မလွယ်ပါဘူး။ နှစ်မျိုးစလုံး ကူးစက်ရတာလည်း သိပ်လွယ်ပါတယ်။  ဒါပေမယ့် မြန်မာပြည်မှာ ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်ဖို့ အစိုးရက ထုတ်ပြန်ထားတဲ့ အမိန့်နဲ့ ညွှန်ကြားချက်တွေထဲမှာ သင်္ကြန်နဲ့ ဆိုင်တဲ့ ညွှန်ကြားချက်က အပြင်းထန်ဆုံးလို့ ပြောရင်ရပါတယ်။ သင်္ကြန်ကာလမှာ ကိုယ့်အိမ်ကိုယ်နေကြ၊ လူစုလူဝေးမလုပ်ရ၊ ရေပက်ခံမထွက်ရ၊ အုန်းလက် မဏ္ဍပ်က စလို့ ဘာမဏ္ဍပ်မှ မဆောက်ရ စတဲ့ ညွှန်ကြားချက်တွေ ထုတ်ထားတဲ့အတွက် မြန်မာတွေအတွက် အခက်ခဲဆုံး သင်္ကြန်ကာလပါပဲ။ ကိုရိုနာဗိုင်းရပ်ကို ထိန်းချုပ်ရေးမှာလည်း အရေးအကြီးဆုံး အချိန်ဖြစ်လို့ အစိုးရနဲ့ ပြည်သူ ညီညွတ်ဖို့ အရေးကြီးတဲ့ အချိန်ကို ရောက်နေပါတယ်။ တောင်ကိုရီးယား နမူနာ နိုင်ငံတွေ အသီးသီးက ကိုရိုနာ ဗိုင်းရပ်စ်ကို ထိန်းချုပ်ဖို့ ကြိုးစားရာမှာ တောင်ကိုရီးယားကို အားကျကြပါတယ်။ တောင်ကိုရီးယားရဲ့ အောင်မြင်မှုကို အကဲဖြတ်တဲ့အခါ အစိုးရရဲ့ လုပ်ဆောင်ချက်တွေလိုပဲ ကွက်ကြည့်ရင် လမ်းလွဲသွားစရာ အကြောင်းရှိပါတယ်။ တရုတ်နိုင်ငံ နမူနာကိုကြည်ပြီး ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်တဲ့အခါမှာ ဒီမိုကရေစီအခွင့်အရေးတွေကို စတေးသင့်ရင် စတေးရမယ်လို့ ထင်စရာရှိပါတယ်။ ဒါပေမယ့် ဒီမိုကရေစီကို အပွန်းပဲ မခံဘဲနဲ့ ဒီရောဂါကို ထိန်းချုပ်လို့လည်း ရတယ်ဆိုတာကို တောင်ကိုရီးယားက သက်သေခံနေပါတယ်။ တောင်ကိုရီးယားရဲ့ အောင်မြင်မှု ဗျူဟာနောက်မှာ လူအများကြီးကို ရောဂါရှိ၊ မရှိ စမ်းသပ်တာဟာ အလွန်အဓိကကျပါတယ်။ အခုအချိန်အထိ စမ်းသပ်ပြီးတဲ့ လူဦးရေက နှစ်သိန်းခွဲလောက်ရှိပါတယ်။ တနိုင်ငံလုံးမှာ စမ်းသပ်ဌာနပေါင်း ၆၀၀ ကျော် ဖွင့်ထားတာကြောင့် တနေ့တည်းနဲ့ လူပေါင်း နှစ်သောင်းအထိ စမ်းသပ်ပေးနိုင်ပါတယ်။ ရလဒ်တွေကိုလည်း ၆ နာရီအတွင်းမှာပဲ ဖုန်းကနေ စာပို့အကြောင်းကြားပေးပါတယ်။ ပထမဆုံး လူနာကို တွေ့ရှိခဲ့ပြီး တလခွဲကြာတဲ့အခါ (မတ်လ အစောပိုင်းရောက်တဲ့အခါ) တောင်ကိုရီးယားမှာ လူနာသစ် အတွေ့နည်းသွားပြီး၊ ပြန်လည်ကျန်းမာလာတဲ့ အရေအတွက်က ပိုများလာပါတယ်။ ဒီလို အောင်မြင်မှုရဲ့ နောက်ကွယ်မှာ တရုတ်နဲ့ တချို့နိုင်ငံတွေမှာ လုပ်သလိုမျိုး ပြင်းထန်တဲ့ ပိတ်ဆို့မှုတွေ၊ လမ်းပိတ်တာတွေ၊ လူတွေရဲ့ သွားလာမှုတွေ၊ လူစုလူဝေးတွေကို အတင်းအကြပ် တားမြစ်မိန့်တွေ ထုတ်ပြန်တာတွေ မရှိခဲ့ပါဘူး။ တောင်ကိုရီးယားရဲ့ အောင်မြင်မှုနဲ့ပတ်သက်လို့ အစိုးရကို အမှတ်ပေးရပါမယ်။ ဒီလိုပဲ ပြည်သူလူထုကြီးက တက်တက်ကြွကြွနဲ့ ဘယ်လိုမျိုး ပူးပေါင်း ပါဝင်ခဲ့ကြသလဲဆိုတာကို မေ့ထားလို့ မရပါဘူး။ ပြည်သူလူထုကြီးက ကိုယ့်အသိစိတ်ဓာတ်နဲ့ ကြည်ကြည်ဖြူဖြူ ပူးပေါင်းပါဝင်တာကြောင့် ပြင်းထန်တဲ့ အမိန့်တွေကို ထုတ်ပြန်စရာမလိုဘဲ အလယ်အလတ်လမ်းစဉ်နဲ့ အခက်အခဲဆုံးကာလကို ဖြတ်ကျော်နိုင်ခဲ့ပါတယ်။ ကပ်ဘေးကာလကြီးထဲမှာတောင် ပြည်သူလူထုလုံခြုံရေး၊ ကျန်းမာရေးနဲ့ ဒီမိုကရေစီလွတ်လပ်ခွင့်တို့ကြားထဲက မျှခြေကို ဖော်ထုတ်ရာ တောင်ကိုရီးယားဟာ ဆရာကျလို့ နမူနာ ယူစရာကောင်းပါတယ်။ အစိုးရက ဘယ်လိုတုံ့ပြန်လဲ အရင်ဆုံး အစိုးရက ဘယ်လို တုံ့ပြန်သလဲ ကြည့်ရအောင်။ အစိုးရရဲ့ ဗျူဟာကို ကြည့်ရင် စမ်းသပ်ခြင်း၊ နောက်ကြောင်းပြန်ရှာခြင်း၊ နောက်ယောင်ခံခြင်း၊ ကုသပေးခြင်း ဆိုတဲ့ အဆင့်လေးဆင့်တွေ့ရပါတယ်။ အစောဆုံးနဲ့ ဘယ်သူ့ကိုမဆို စမ်းသပ်ခြင်းကတော့ ပထမဆုံး အဆင့်ပါပဲ။ ဇန်နဝါရီလ ၂၇ ရက်နေ့မှာ ပထမဆုံး လူနာ ၄ ဦးကို တွေ့တယ်ဆိုတာနဲ့ ကျန်းမာရေးအရာရှိတွေဟာ စမ်းသပ်ကိရိယာ (test kit) တွေ ထုတ်လုပ်ပေးမယ့် ဆေးကုမ္ပဏီတွေကို ဆင့်ခေါ်ခဲ့ပါတယ်။ အရည်အသွေးပြည့်မီတဲ့ ကုမ္ပဏီကို စမ်းသပ်ခွင့် လိုင်စင် ချပေးမယ်လို့ ကတိပြုခဲ့ပါတယ်။ တပတ်အတွင်းမှာပဲ ကုမ္ပဏီတခုကို ခွင့်ပြုပေးခဲ့ပြီး နောက်ပိုင်းမှာ တခြားကုမ္ပဏီတွေလည်း စမ်းသပ်နိုင်တဲ့ အဆင့်ရောက်ပါတယ်။ ပုဂ္ဂလိက ဆေးကုမ္ပဏီတွေက စမ်းသပ်မှုရလဒ်တွေကို အစိုးရက ပြန်လည်စစ်ဆေးပါတယ်။ စမ်းသပ်စစ်ဆေးမှုတွေကို ဒီလို ဖြန့်ထုတ်လိုက်တာကြောင့် သုံးပတ်လောက်အတွင်းမှာပဲ တနိုင်ငံလုံးမှာ လူနာပေါင်း ၄၆၁၂၇ ကို စမ်းသပ်တွေ့ရှိခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုနဲ့ တောင်ကိုရီးယားတို့ဟာ ပထမဆုံး လူနာကို ဇန်နဝါရီ ၂၀ ရက်နေ့မှာ တရက်တည်း တွေ့ခဲ့ကြပါတယ်။ ဒါပေမယ့် တောင်ကိုရီးယားက လူနာတွေ အများစမ်းသပ်ပြီးတဲ့အချိန်မှ အမေရိကန်ပြည်ထောင်စုက ၄၂၆ ယောက်ပဲ စမ်းသပ်နိုင်ပါသေးတယ်။ စမ်းသပ်တွေ့ရှိတယ်ဆိုတာနဲ့ လူနာရဲ့ ခရီးသွားရာဇဝင်ကို နောက်ကြောင်းပြန်လိုက်တာနဲ့ ထိတွေ့ဆက်ဆံခဲ့သူတွေကို မျက်ခြေမပျက် စောင့်ကြည့်တဲ့ လုပ်ငန်းတွေ စပါပြီ၊ ဒီလို လုပ်တဲ့နေရာမှာ လုံခြုံရေးကင်မရာတွေ၊ စမတ်ဖုန်းတွေ၊ ခရက်ဒစ် ကတ်တွေ အားလုံးနဲ့ တိုက်စစ်ပါတယ်။ သတင်းအချက်အလက်တွေကို ရနိုင်သမျှရအောင် စုဆောင်းဖို့အတွက် နည်းပညာသစ်တွေကိုလည်း အသုံးပြုပါတယ်။  ဂျီပီအက်စ် စနစ်သုံးတဲ့ ဆော့ဝဲ apps အပလီကေးရှင်းကို သုံးပြီး လူနာတွေရဲ့ လှုပ်ရှားမှုကို အချိန်နဲ့ တပြေးညီ စောင့်ကြည့်ပါတယ်။ စောင့်ကြည့်ကာလ စည်းကမ်းတွေကို ချိုးဖောက်သူကို အပြစ်ပေးပါတယ်။ ဒါတင်မက ပုဂ္ဂလိက ကုမ္ပဏီတွေကို ဖိတ်ခေါ်ပြီး လူနာတွေရဲ့ အသွားအလာတွေကို ပြည်သူလူထု သိနိုင်လောက်တဲ့ အပလီကေးရှင်းတွေကို ရေးခိုင်းပါတယ်။ ဒီလို ဖန်တီးလိုက်တဲ့ အပလီကေးရှင်းတွေထဲမှာ “Corona 100m” ဆိုတဲ့ သတိပေးစနစ်ဆိုပါစို့၊  ဒီ apps ကို ကိုယ့်ဖုန်းထဲ ထည့်ထားလိုက်ရုံနဲ့ ကိုရိုနာဗိုင်းရပ်စ် လူနာဟာ ကိုယ့်နဲ့ မီတာ ၁၀၀ အကွာအဝေးကို ရောက်နေရင် ဖုန်းကနေ အသံထမြည်ပါတယ်။ တပြိုင်တည်းမှာ လူနာတွေကို ရောဂါ အခြေအနေ ကြည့်ပြီး  သာမန်၊ အလယ်အလတ်၊ စိုးရိမ်ရ၊ အရေးပေါ် ခွဲခြားပါတယ်။ အသက်ကြီးလူနာတွေနဲ့ အရေးပေါ်လူနာတွေကို ဆေးရုံတင်ပါတယ်။ လူငယ်တွေနဲ့ မစိုးရိမ်ရတဲ့ လူနာတွေကိုတော့ ဆမ်ဆောင်ကုမ္ပဏီနဲ့ အယ်ဂျီ ကုမ္ပဏီတို့က အသုံးပြုခွင့်ပေးထားတဲ့ အဆောင်တွေဆီ ပို့ပါတယ်။ လူနာ အခြေအနေကြည့်ပြီး လိုအပ်သလို ကုသမှုတွေ ပေးပါတယ်။ ဒီလို စနစ်တကျ ဆောင်ရွက်တာကြောင့် တောင်ကိုရီးယားမှာ ကိုရိုနာ ဗိုင်းရပ်စ် လူနာသေဆုံးမှုဟာ ၁ ဒသမ ၅ ရာခိုင်နှုန်း ရှိပါတယျ။ လူနာပေါင်း ၉၆၆၁ ယောက်ကို တွေ့ရှိရပြီး ၁၅၈ ယောက် သေဆုံးခဲ့ပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ အချက်အလက်တွေအရ တကမ္ဘာလုံးမှာ လူနာ သေဆုံးမှုကို ကြည့်ရင် ၄ ဒသမ ၆ ရာခိုင်နှုန်းရှိတာ တွေ့ရပါတယ်။ ဒီစာရေးတဲ့ (ဧပြီ ၉ ရက်နေ့အထိ) တကမ္ဘာလုံးမှာ လူ ၁ သိန်းခွဲကျော် ကူးစက်ခံထားရပြီး သေဆုံးသူ ၈ သောင်းကျော် ကျော်သွားပြီဖြစ်ပါတယ်။ ပြည်သူရဲ့ ပူးပေါင်းဆောင်ရွက်မှု အစိုးရက ဘယ်လိုပဲ တုံ့ပြန်ဆောင်ရွက်ပါစေ။ ပြည်သူလူထုရဲ့ ပူးပေါင်းဆောင်ရွက်မှုမရခဲ့ရင် ဘာမှထိရောက်မှာ မဟုတ်ပါဘူး။ ဒါဟာ လက်တွေ့ကျတဲ့ သင်ခန်းစာပါပဲ။ လူစုလူဝေးတွေကို ရှောင်ကြဉ်ကြဖို့ အစိုးရက သတင်းစကား မပါးခင်ကတည်းက တောင်ကိုရီးယားပြည်သူတွေဟာ ကိုယ့်အသိစိတ်နဲ့ကိုယ် နေ့စဉ်ဘဝမှာ ခပ်ခွာခွာနေလိုက်ကြပါတယ်။ ကိုရိုနာဗိုင်းရပ်စ် အများဆုံး ကူးစက်ရာ ဒေးဂူးမြို့မှာ စားသောက်ဆိုင်တွေ၊ စျေးဆိုင်တွေ၊ ရုပ်ရှင်ရုံတွေ အတော်များများဟာ အစိုးရက ဘာညွှန်ကြားချက်မှ ထုတ်ပြန်စရာမလိုဘဲ ကိုယ့်အသိစိတ်နဲ့ ကိုယ်ပိတ်လိုက်ကြပါတယ်။ တနိုင်ငံလုံးမှာရှိတဲ့ ထောင်နဲ့ ချီတဲ့ စီးပွားရေးလုပ်ငန်းတွေဟာ ဒီလိုပါပဲ။ လူတွေ လမ်းပေါ် မထွက်ကြတဲ့အတွက် အရောင်းအဝယ်တွေ ကျသွားတာလည်း အကြောင်းတခုပါပဲ။ ခရစ်ယာန် ဘုရားကျောင်းတွေကလည်း  ဝတ်ပြုဆုတောင်းပွဲတွေကို နောက်ဆုတ်ထားလိုက်ပြီး အွန်လိုင်းကနေ ဓမ္မဆရာတွေက အွန်လိုင်းကနေ တရားဟောပါတယ်။ တောင်ကိုရီးယား ပြည်သူတွေမှာ ၂၀၁၅ အရှေ့အလယ်ပိုင်း အသက်ရှူကြပ်ရောဂါ ( MERS ) ဖြစ်ခဲ့တုန်းက ခါးသီးတဲ့ အတွေ့အကြုံ ရှိပါတယ်။ အဲဒီအချိန်တုန်းက လူနာကို ဘယ်မှာ ဆေးကုနေသလဲ ဆိုတာကအစ အရေးကြီးတဲ့ သတင်းအချက်တွေကို အစိုးရက မထုတ်ပြန်ခဲ့ပါဘူး။ အကျိုးဆက်ကတော့ ဆေးရုံတွေမှာ MERS  ရောဂါ လူနာတွေကနေ တခြား လူနာတွေကို ရောဂါကူးစက်တဲ့ ပြဿနာတွေ တက်ခဲ့ပါတယ်။ ရေရေရာရာ ဘာမှ မသိကြတဲ့ တောင်ကိုရီးယား တနိုင်ငံလုံးက ပြည်သူတွေဟာ ထိတ်လန့်ပြီး ကိုယ့်အိမ်မှာပဲ ကိုယ်နေခဲ့ကြပါတယ်။ ဒီလို အတွေ့အကြုံတွေရှိတဲ့ ပြည်သူတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်နေတဲ့ အချိန်မျိုးမှာ အစိုးရဆီက မှန်ကန်တဲ့ သတင်းအချက်အလက်တွေကို ရရှိဖို့ သူတို့ရဲ့ သတင်းအချက်အလက်တွေကိုလည်း မခြွင်းမချန် ပေးခဲ့ပါတယ်။ ဒါဟာ ပြည်သူတွေအားလုံးရဲ့ ဘေးကင်းလုံခြုံရေးနဲ့လည်း ဆိုင်နေတယ်ဆိုတာကို နားလည်ကြပါတယ်။ ပြည်သူသာ အဓိက တောင်ကိုရီးယားရဲ့ နမူနာက ဘာကို ပြနေသလဲဆိုရင် ဒီလိုကပ်ဘေးကာလမျိုးမှာ ပြည်သူလူထုရဲ့ သွေးစည်းညီညွတ်မှုဟာ အရေးကြီးတယ်ဆိုတာပါပဲ။ အကယ်၍ ပြည်သူလူထုကသာ ကိုယ့်အသိစိတ်နဲ့ကိုယ် ရောဂါ ရှိမရှိ စမ်းသပ်ခံတာတွေ၊ ရောဂါလက္ခဏာပြရင် ကိုယ်အသိစိတ်နဲ့ သီးသန့်ခွဲနေတာ၊ နေ့စဉ်ဘဝမှာ ခပ်ခွာခွာနေတာတွေကို မလုပ်ဘူးဆိုရင် အစိုးရဟာ တရုတ်နိုင်ငံမှာလိုပဲ ပြင်းထန်တဲ့ အမိန့်ညွှန်ကြားချက်တွေကို မထုတ်ချင်လည်း ထုတ်ရမှာပါပဲ။ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်ကို အင်မတန် တန်ဖိုးထားပါတယ်ဆိုတဲ့ ဥရောပနိုင်ငံတွေကတောင် ဒီအတိုင်း လိုက်လုပ်နေကြရပါတယ်။ ပိုပြီး အရေးကြီးတာက ဒီလို ပြည်သူနဲ့ အစိုးရတို့ကြားထဲက ဟန်ချက်ညီတဲ့ သွေးစည်းမှုဟာ အတိတ်က အမှားတွေ၊ အတိတ်ဒဏ်ရာဒဏ်ချက်တွေအပေါ်မှာ သင်ခန်းစာယူခဲ့တာပါပဲ။ အရေးအကြီးဆုံးအချိန် မြန်မာပြည်မှာ ကိုရိုနာရောဂါ ကူးစက်မှုဟာ တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် အများကြီး သက်သာနေပါတယ်။ အာဏာရှင်ဆန်ဆန် ပြင်းထန်တဲ့ အမိန့်တွေကို မထုတ်ချင်တဲ့ ဒီမိုကရေစီ အစိုးရဟာ လူထုကို ပညာပေးစည်းရုံးတဲ့ နည်းလမ်းတွေကို နည်းလမ်းမျိုးစုံ အစွမ်းကုန် အသုံးပြုနေတာ တွေ့ရပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်လည်း မတတ်သာတဲ့အဆုံး Facebook ပေါ် တက်လာရတဲ့အထိ ကိုရိုနာဗိုင်းရပ်စ်က အောင်မြင်ပါတယ်။ တကယ်တော့ သတင်းတွေကို ကြည့်ရင် ဒီရောဂါဟာ ပေါ့ဆရင် ဘယ်လောက် အန္တရာယ်များလဲ ဆိုတာ မြင်သာပါတယ်။ တကယ်ကို ဖွံ့ဖြိုးတိုးတက်ပြီး စနစ်ကျပါတယ်ဆိုတဲ့ နိုင်ငံကြီးတွေတောင် ဒုက္ခပင်လယ် ဝေနေရဆဲ ဖြစ်ပါတယ်။ မြန်မာပြည်ဟာလည်း အရေးအကြီးဆုံးကာလကို ဖြတ်သန်းနေရပါတယ်။ ပြည်သူနဲ့ အစိုးရက ညီညွတ်ရင် တောင်ကိုရီးယားမှာလိုပဲ ဒီကပ်ဘေးကို အကျအဆုံး အနည်းဆုံးနဲ့ ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။  နုနယ်သေးတဲ့ ဒီမိုကရေစီကို ဒီနည်းနဲ့ပဲ ထိန်းထားနိုင်မှာ ဖြစ်ပါတယ်။ အစိုးရနဲ့ ပြည်သူ ညီညွတ်ရမယ့် အချိန်ပါပဲ။  နေသွင်ညိဏ်း
11 months Ago
Up