နေရှင်းလိဂ်

November 17, 2020

လေဆိပ်တွင် အိပ်ခဲ့ရသဖြင့် အာဖရိကဘောလုံးအဖွဲ့ချုပ်ကို အူဘာမီယန်း ဝေဖန်

အာဖရိကဘောလုံးအဖွဲ့ချုပ် CAF ကြောင့် ဂါဘွန်အသင်းသားတွေဟာ ဓားစာခံတွေလို ခံစားခဲ့ကြရတယ်လို့ အာဆင်နယ်အသင်း ခေါင်းဆောင် အူဘာမီယန်းက ပြောပါတယ်။  အူဘာမီယန်း ဦးဆောင်တဲ့ ဂါဘွန်အသင်းသားတွေဟာ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ ခြေစစ်ပွဲ ကစားဖို့အတွက် ဂမ်ဘီယာနိုင်ငံကို ရောက်ရှိစဉ် နိုင်ငံတွင်း ဝင်ခွင့်ရဖို့ ကြန့်ကြာခဲ့တာကြောင့် လေဆိပ်ကြမ်းပြင်မှာ အိပ်ခဲ့ရပါတယ်‌။ ဂါဘွန်အသင်းဟာ ဂမ်ဘီယာနဲ့ တနင်္လာနေ့မှာ ကစားရမှာဖြစ်ပြီး ဘန်ဂျူလေဆိပ်ကို တနင်္ဂနွေနေ့ညမှာ ရောက်လာခဲ့တာ ဖြစ်ပါတယ်။ လေဆိပ်ကို ရောက်ရောက်ချင်းမှာတင် ဂါဘွန်အသင်းသားတွေဟာ ဂမ်ဘီယာနိုင်ငံတွင်းကို ဝင်ခွင့်ရဖို့အတွက် ကြန့်ကြာခဲ့တာ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ စစ်ဆေးမှု ရလဒ်တွေကို ပြသနိုင်ခဲ့ပေမဲ့ သူတို့ရဲ့ ပတ်စ်ပို့စ်တွေ အသိမ်းခံခဲ့ရတာကြောင့် ဖြစ်တယ်လို့လည်း သတင်းတွေမှာ ဖော်ပြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အာဆင်နယ်တိုက်စစ်မှူးက သူ့ရဲ့ပေါက်ကွဲမှုကို တနင်္လာနေ့မနက် အစောပိုင်းက အင်စတာဂရမ်မှာ တင်ခဲ့ပါတယ်။ အူဘာတင်ခဲ့တဲ့ပို့စ်တွေမှာ ဝင်ခွင့်ရဖို့ စောင့်ဆိုင်းနေတဲ့ သူ့အသင်းဖော်တွေနဲ့ ဗွီဒီယိုတွေ၊ ဓာတ်ပုံတွေလည်း ပါဝင်ပါတယ်။ ထွက်ပေါ်လာတဲ့ပုံတွေမှာ ဂါဘွန်အသင်းသား အများစုဟာ ဝင်ခွင့်ရဖို့ စောင့်ဆိုင်းရင်း လေဆိပ်ကြမ်းပြင်မှာ သူတို့ရဲ့အိတ်တွေကို ခေါင်းအုံးလုပ်ပြီး အိပ်နေတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။  အူဘာတို့အသင်းဟာ လေဆိပ်ကို ဒေသစံတော်ချိန် ၁၁ နာရီခွဲမှာ ရောက်ရှိခဲ့တာဖြစ်ပြီး ၃ နာရီလောက်ကြာအောင် စောင့်ရတာတောင် ဝင်ခွင့်မရသေးဘူးလို့ အူဘာက ပို့စ်တစ်ခုမှာ ရေးသားထားပါတယ်။  “ကျနော်တို့ ညနေ ၄ နာရီမှာ ပွဲကန်ရမယ်။ ဒါပေမဲ့ အခုထိ စောင့်နေရတုန်းပဲ” လို့ အူဘာက မနက် ၂ နာရီ ၃၁ မိနစ်မှာ ပို့စ်တင်ခဲ့ပါတယ်။ အဲဒီနောက်မှာ ဂါဘွန်အသင်းသားတချို့ဟာ သီချင်းနားထောင်နေတာနဲ့ စနောက်နေကြတာကိုလည်း “ကျနော်တို့ကို အားလျော့သွားအောင် မလုပ်နိုင်ပါဘူး” ဆိုတဲ့ စာသားနဲ့ ရေးတင်ခဲ့ပါတယ်။ မနက် ၆ နာရီထိုးခါနီးမှ ဂါဘွန်အသင်းသားတွေဟာ ဂမ်ဘီယာမြေကို ခြေချခွင့်ရခဲ့တာ ဖြစ်ပြီး ဒါဟာ ပွဲမတိုင်ခင် ၁၀ နာရီအလိုလည်း ဖြစ်ပါတယ်။  “နောက်ဆုံးတော့ ဘတ်စ်ကားပေါ် တက်ရပါပြီ။ နောက်ထပ်စိတ်ဓာတ် ခွန်အားပေးလို့ ကျေးဇူးတင်ပါတယ် ဂမ်ဘီယာရေ” လို့လဲ အူဘာက ခပ်ရွဲ့ရွဲ့ ရေးသားခဲ့ပါတယ်။  အင်စတာဂရမ်ပေါ် တင်ခဲ့တဲ့ ပို့စ်တွေမှာ အူဘာက ခပ်ရွှတ်ရွှတ်သာ ရေးသားခဲ့တာ ဖြစ်ပေမယ့် ကွန်းမန့်မှာတော့ အာဖရိကဘောလုံးအဖွဲ့ချုပ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ဒီလိုပုံစံမျိုးနဲ့ အာဖရိကဘောလုံးအဆင့်အတန်းကို မြှင့်တင်ချင်လို့မရဘူးလို့ ပြောပါတယ်။
2 years Ago

ချဲလ်ဆီးတွင် နေရာပျောက်နေသည့် ဂျရူးကို ပြင်သစ်နည်းပြ ဒက်ချမ့် သတိပေး

ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး ဂျရူးအနေနဲ့ ချဲလ်ဆီးမှာ ပွဲထွက်ခွင့်မရတဲ့အခြေအနေကို ဖြေရှင်းနိုင်ဖို့ လိုတယ်လို့ ပြင်သစ်နည်းပြ ဒက်ချမ့်က သတိပေးလိုက်ပါတယ်။ အိုလီဗီယာဂျရူးဟာ ချဲလ်ဆီးအသင်းမှာ တီမိုဝါနာနဲ့ အေဗရာဟမ်တို့ရဲ့နောက် တတိယ ဦးစားပေး တိုက်စစ်မှူးအဖြစ် သတ်မှတ်ခံထားရပြီး ပွဲကစားခွင့် နည်းပါးနေတာ ဖြစ်ပါတယ်။  ဂျရူးရဲ့ အခြေအနေနဲ့ပတ်သတ်လို့ အကြံဉာဏ်ပေးတာမျိုးလုပ်မှာ မဟုတ်ပေမယ့် ထင်မြင်ချက်တစ်ခုတော့ ပေးနိုင်ပြီး ကစားသမားကိုယ်တိုင်က ဆုံးဖြတ်ချက်ချရမှာ ဖြစ်တယ်လို့ နည်းပြ ဒက်ချမ့်က ပြောပါတယ်။ လက်ရှိအခြေအနေဟာ ဂျရူးအတွက် ကောင်းမွန်တဲ့အခြေအနေတော့ မဟုတ်ဘဲ ဒီအတိုင်း ဆက်ဖြစ်မလား၊ ပိုကောင်းလာမလားဆိုတာ  ကစားသမားကိုယ်တိုင်ကပဲ အဖြေရှာသွားရမှာ ဖြစ်တယ်လို့ ဒက်ချမ့်က ပြောပါတယ်။  ဂျရူးအနေနဲ့ ပွဲကစားဖို့ အကောင်းဆုံးကြံ့ခိုင်မှုနဲ့ စိတ်ဓာတ်ပိုင်း ရှိနေသေးလို့ ပုံမှန်ပွဲထွက်ခွင့်ရဖို့ အရေးကြီးတယ်လို့လည်း နည်းပြဒက်ချမ့်က သုံးသပ်ခဲ့ပါတယ်။  ပြင်သစ်အသင်းဟာ ဒီကနေ့ညပိုင်းမှာ ဆွီဒင်နဲ့ ကစားရမှာပါ။ ပြင်သစ်အသင်းသမိုင်းရဲ့ ဒုတိယဂိုးသွင်းအများဆုံး ကစားသမား ဂျရူးဟာ ပေါ်တူဂီကို အနိုင်ရတဲ့ ပွဲမှာတော့ ၁၂ မိနစ်သာ လူစားဝင်ကစားခွင့် ရခဲ့ပါတယ်။
2 years Ago

အင်္ဂလန်လက်ရွေးစင် ဂရီးလစ်ချ်၏ခြေစွမ်းကို အက်ရှ်လေကိုးလ် ချီးကျူး

အင်္ဂလန်လက်ရွေးစင် ဂရီးလစ်ရှ်ဟာ ဟာဇက်လို ခြေစွမ်းရှိတဲ့ ကစားသမားဖြစ်တယ်လို့ အက်ရှ်လေကိုးလ်က ချီးကျူးပါတယ်။  ဂရီးလစ်ချ်ဟာ ဘယ်လ်ဂျီယံကို ၂ ဂိုး ဂိုးမရှိနဲ့ရှုံးခဲ့တဲ့ပွဲမှာ ပွဲထွက် ကစားခဲ့ပြီး အင်္ဂလန်အသင်း ရှုံးနိမ့်ခဲ့ပေမယ့်လည်း ခြေစွမ်းပြသနိုင်ခဲ့တာပါ။ အဲဒီပွဲစဉ်ကို စကိုင်းစပေါ့ကနေ သုံးသပ်တင်ဆက်ခဲ့တဲ့ အင်္ဂလန်ကစားသမားဟောင်း အက်ရှ်လေကိုးလ်နဲ့ ဂျေမီရက်ဒ်နက်တို့ကတော့ ဂရီးလစ်ချ်ရဲ့ ခြေစွမ်းကို ချီးကျူးခဲ့တာပါ။ အာဆင်နယ်နဲ့ ချဲလ်ဆီးနောက်ခံလူဟောင်း အက်ရှ်လေကိုးလ်ကတော့ လက်ရှိခြေစွမ်းအတိုင်းသာဆိုရင် ဂရီးလစ်ချ်ဟာ ယူရိုပြိုင်ပွဲကစားမယ့်အသင်းမှာ ပါဝင်သင့်ပြီး ရီးရဲလ်မက်ဒရစ်က ဟာဇက်လို ခြေစွမ်းရှိသူလို့ ချီးကျူးပါတယ်။  ပြိုင်ဘက် ကစားသမားတွေကို နေရာစုံကနေ လှည့်စားနိုင်ပြီး ဟာရီကိန်းနဲ့ မေဆန်မောင့်တို့အတွက် ဖရီးကစ်ကန်သွင်းခွင့်တွေ ရရှိအောင် လုပ်ဆောင်ပေးလိမ့်မယ်လို့ အက်ရှ်လေကိုးလ်က ချီးကျူးခဲ့ပါတယ်။
2 years Ago

November 16, 2020

လေ့ကျင့်စဉ်ဒဏ်ရာရခဲ့သည့် ဂျိုးဂိုမက်ဇ်အတွက် ဖီဖာက ပေါင် ၂ သန်း လျော်ကြေးပေးမည်

အင်္ဂလန်အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းချိန်မှာ ဒဏ်ရာရခဲ့တဲ့ ဂျိုးဂိုမက်ဇ်အတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က လီဗာပူးအသင်းကို  ပေါင် ၂ သန်း လျော်ကြေးပေးမယ်လို့ သိရပါတယ်။  နောက်ခံလူ ဂိုမက်ဇ်ဟာ အင်္ဂလန်အသင်းနဲ့ လေ့ကျင့်ခန်းဆင်းချိန်မှာ ဒူးဒဏ်ရာ ရရှိခဲ့ပြီး ပြင်းထန်မှုရှိတာကြောင့် ခွဲစိတ်ကုသခဲ့ရပါတယ်။ တနှစ်ပတ်လုံးအထိ အနားယူရနိုင်တာကြောင့် ဖီဖာကနေ လီဗာပူးကို လျော်ကြေးအနေနဲ့ ပေါင် ၂ သန်းပေးလိမ့်မယ်လို့ အင်္ဂလန် အက်ဖ်အေဘက်က အတည်ပြုပါတယ်။  အင်္ဂလန်ကစားသမားတွေအားလုံးဟာ ဖီဖာရဲ့ ကလပ်အသင်းတွေအတွက် အကာအကွယ်ရရှိရေး အစီအစဉ်မှာ အာမခံထားရှိခဲ့ကြတာဖြစ်ပြီး  ပြိုင်ပွဲကြီးတွေနဲ့ ခြေစမ်းပွဲတွေအတွက်တင် မဟုတ်ဘဲ လေ့ကျင့်ရေးကွင်းမှာ ဒဏ်ရာရခဲ့ရင်လည်း ကလပ်အသင်းတွေဘက်က  လျော်ကြေးရမှာ ဖြစ်ပါတယ်။  ဖီဖာအနေနဲ့ ဒဏ်ရာရရှိတဲ့ ကစားသမားတစ်ဦးအတွက် တစ်ရက်ကို ပေါင် ၁၈,၀၀၀ ကျော်နဲ့ လျော်ကြေးပေးရမှာ ဖြစ်ပါတယ်။ ဂျိုးဂိုမက်ဇ်အနေနဲ့ ၇ လခန့် အနားယူရနိုင်တာကြောင့် ပေါင် ၂ သန်းခန့် ဖီဖာက လီဗာပူးကို ပေးချေရနိုင်တာဖြစ်ပါတယ်။ နောက်ခံလူ ဂိုမက်ဇ်က လီဗာပူးမှာ တစ်လုပ်ခ ပေါင် ၈၀,၀၀၀ ရရှိနေပြီး အဲဒီလုပ်ခတွေအတွက် ဖီဖာရဲ့ လျော်ကြေးက အကူအညီဖြစ်စေမယ်လို့ သိရပါတယ်။
2 years Ago

စလိုဗက်ကီးယားအသင်းနှင့် ယှဉ်ပြိုင်မည့် စကော့တလန် လူစာရင်းတွင် ရော်ဘတ်ဆန် မပါဝင်

စလိုဗက်ကီးယားအသင်းနဲ့ ယှဉ်ပြိုင်မယ့် စကော့တလန်အသင်းရဲ့ လူစာရင်းမှာ အသင်းခေါင်းဆောင် အန်ဒီရော်ဘတ်ဆန် ပါဝင်ခဲ့ခြင်း မရှိပါဘူး။  လီဗာပူး နောက်ခံလူဟာ ကြာသပတေးနေ့မှာ ကစားခဲ့တဲ့ ဆားဘီးယားအသင်းနဲ့ ပင်နယ်တီ အဆုံးအဖြတ် ကန်သွင်းမှုမှာလည်း တံကောက်ကြောဒဏ်ရာ အခြေအနေကြောင့် ကန်သွင်းခဲ့ခြင်း မရှိပါဘူး။ ရော်ဘတ်ဆန်ဟာ စလိုဗက်ကီးယားအသင်းနဲ့ ပွဲစဉ်မှာ ပါဝင်ဖို့ မသေချာတဲ့ အနေအထားမှာ ရှိတယ်လို့ စကော့တလန်အသင်းနည်းပြ စတိဗ်ကလပ်ခ်က မနေ့က ပြောဆိုခဲ့ကာ မွန်းလွဲပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ အသင်းလူစာရင်းမှာ ရော်ဘတ်ဆန်ဟာ အရန်လူစာရင်းမှာတောင် မပါဝင်ခဲ့တာလည်း တွေ့ခဲ့ရပါတယ်။ ရော်ဘတ်ဆန်ရဲ့ ဒဏ်ရာအခြေအနေဟာ လီဗာပူးအသင်းအတွက် နောက်ထပ်ထိုးနှက်ချက် တစ်ခုဖြစ်လာပြီး နည်းပြ ယာဂန်ကလော့ပ်ကတော့ အားထားရတဲ့ ဘယ်နောက်ခံလူရဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီ ဖြစ်ပါတယ်။ ကလော့ပ်ဟာ အသင်းရဲ့နောက်တန်းမှာ ဗန်ဒိုက်ကို ဒူးဒဏ်ရာကြောင့် ကာလရှည် ဆုံးရှုံးထားရပြီ ဖြစ်ကာ ဂိုးမက်ဇ်ဟာလည်း နိုင်ငံအသင်းနဲ့အတူ ရှိနေစဉ်မှာ ဒူးဒဏ်ရာ ရရှိခဲ့တာကြောင့် ကာလရှည်အနားယူရတော့မှာ ဖြစ်ပါတယ်။  အာနိုးနဲ့ ဖာဘင်ဟိုတို့ဟာလည်း ဒဏ်ရာကြောင့် အနားယူနေရတာကြောင့် ရော်ဘတ်ဆန်ရဲ့ ဒဏ်ရာသာ ပြင်းထန်ခဲ့မယ်ဆိုရင် ကလော့ပ်ဟာ နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ ကစားရမယ့် လက်စတာအသင်းနဲ့ပွဲမှာ ပင်မနောက်ခံလူတွေ မပါတဲ့ လူစာရင်းတစ်ခုကို ဖန်တီးရတော့မှာ ဖြစ်ပါတယ်။  ကလော့ပ်အနေနဲ့ စကော့တလန်လူစာရင်းမှာ ရော်ဘတ်ဆန်‌ မပါဝင်နိုင်တာဟာ ကြိုတင်ကာကွယ်တဲ့ လုပ်ရပ်တစ်ခု ဖြစ်စေဖို့ မျှော်လင့်ရမှာဖြစ်ပြီး ဒဏ်ရာအတိမ်အနက်ကိုတော့ လာမယ့်ရက်တွေမှာ သိရမှာဖြစ်ပါတယ်။
2 years Ago

၂ ပွဲဆက် ဂိုးမရှိသရေ ရလဒ်ကြောင့် ဝမ်းသာမျက်ရည်ကျခဲ့သည့် ဆမ်မာရီနို နောက်ခံလူ ဒန်တီရိုစီ

ဂျီဘရော်တာအသင်းနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ဆန်မာရီနို နောက်ခံလူ ဒန်တီရိုစီဟာ ဝမ်းသာမျက်ရည်ကျခဲ့ကာ ဒီရလဒ်ဟာ ဆန်မာရီနို တနိုင်ငံလုံးကို ကိုယ်စားပြုတယ်လို့ ပြောပါတယ်။  ဆမ်မာရီနိုအသင်းဟာ ဥရောပဘောလုံးစာမျက်နှာမှာ အသင်းငယ်တသင်းအဖြစ် နှစ်ပေါင်းများစွာ အသုံးတော်ခံခဲ့ရပါတယ်။ ဒါပေမဲ့ ဂျီဘရော်တာအသင်းကို အိမ်ကွင်းမှာ သရေကျခဲ့တာက သူတို့အတွက် ၂ ပွဲဆက် ဂိုးမရှိ သရေကျခဲ့တဲ့ မှတ်တမ်းကောင်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒီပွဲမတိုင်ခင် အောက်တိုဘာမှာ ကစားခဲ့တဲ့ လက်ချင်စတိန်းနဲ့ ပွဲစဉ်မှာလည်း ဂိုးမရှိ သရေရလဒ် ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ ဂျီဘရော်တာနဲ့ပွဲမှာ ဆမ်မာရီနိုအသင်းဟာ ပွဲချိန်အများစုကို တစ်ယောက်လျော့နဲ့ ရင်ဆိုင်ခဲ့တာ ဖြစ်ပြီး ဒီရလဒ်ဟာ သူတို့အသင်းအတွက် အောင်မြင်မှုတစ်ခုဖြစ်ကာ ဝမ်းသာလွန်းလို့ မျက်ရည်တောင်ကျခဲ့ရတယ်လို့ အသက် ၃၃ နှစ်အရွယ် နောက်ခံလူ ရိုစီက ပြောပါတယ်။  “ကျနော့်အတွက်တော့ အိပ်မက်တစ်ခုလိုပဲ။ ကျနော် စကားတွေ အများကြီး မပြောနိုင်တော့ပါဘူး။ ကျနော့်အမျိုးသမီးအပါအဝင် ကျနော့် မိသားစုကလည်း ဝမ်းသာနေကြပါတယ်။ ကျနော့်အသင်းဖော်တွေနဲ့ အသင်းဝန်ထမ်းတွေကို ကျေးဇူးတင်စကား ပြောလိုပါတယ်။ ကျနော်တို့ ဒီလိုအဆင့်မျိုးမှာ ကာလရှည် ဆက်ရှိဖို့လည်း မျှော်လင့်ပါတယ်။ ဒီရလဒ်ဟာ ကျနော်တို့နိုင်ငံအတွက် ရည်ညွှန်းပါတယ်။ ကျနော်တို့ဟာ နိုင်ငံငယ်လေးပေမယ့် ကြီးမားတဲ့နှလုံးသားရှိသူတွေ ဖြစ်ပါတယ်။”  ဂျီဘရော်တာအသင်းနဲ့ သရေပွဲစဉ်ဟာ ဆမ်မာရီနိုအသင်းအတွက် Nations League ပြိုင်ပွဲ နောက်ဆုံးပွဲစဉ်ဖြစ်ပြီး ဒီအသင်းဟာ အုပ်စု ဒီ ၂ မှာ ရမှတ် ၂ မှတ်နဲ့ အမှတ်ပေးဇယား အောက်ဆုံးမှာ ရပ်တည်နေပါတယ်။  ဒါပေမဲ့ ဆမ်မာရီနိုအသင်းရဲ့ ကစားသမားအများစုဟာ စာရင်းကိုင်၊ သင်္ဘောသား စတဲ့အလုပ်တွေ လုပ်ရင်းနဲ့ ဘောလုံးကန်နေကြသူတွေ ဖြစ်တာကြောင့် ဒီလိုအသင်းအတွက် နှစ်ပွဲဆက် ဂိုးမရှိ သရေရလဒ်ဟာ အောင်မြင်မှုတစ်ခုလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။ ဆမ်မာရီနိုအသင်းဟာ သူတို့အသင်းသမိုင်းမှာ နိုင်ပွဲတစ်ပွဲသာ ရရှိထားဖူးပြီး ၂၀၀၄ ခုနှစ် လက်ချင်စတိန်းနဲ့ ချစ်ကြည်ရေးပွဲမှ ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။  အခုရလဒ်ဟာ အသင်းရဲ့အောင်မြင်မှုလမ်းကြောင်းအစ ဖြစ်ပြီး ပရိသတ်တွေအနေနဲ့ အသင်းကို ဆက်လက်အားပေးသွားကြဖို့ကိုလည်း ရိုစီက အသင်းပရိသတ်တွေကို တိုက်တွန်းခဲ့ပါတယ်။
2 years Ago

လီဗာပူး နောက်ခံလူ ရော်ဘတ်ဆန် စကော့တလန်အတွက် ကစားပေးစဉ် ဒဏ်ရာရရှိ

လီဗာပူးနောက်ခံလူ ရော်ဘတ်ဆန်ဟာ စကော့တလန်အသင်းနဲ့ ကစားစဉ် ဒဏ်ရာရခဲ့လို့ အနားယူနေရပါတယ်။  နောက်ခံလူတွေဒဏ်ရာရနေတဲ့ လီဗာပူးအသင်းအတွက် ထိုးနှက်ချက်ဖြစ်ခဲ့ပြီး ဗန်ဒိုက်၊ ဂျိုးဂိုမက်ဇ်၊ အာနိုးလ်နဲ့ ဖာဘင်ညိုတို့ဟာလည်း ဒဏ်ရာကိုယ်စီ ရရှိထားကြတာပါ။  စကော့တလန်အသင်း ခေါင်းဆောင် ရော်ဘတ်ဆန်ဟာ ဆားဘီးယားကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာ ပါဝင်ကစားခဲ့ပါတယ်။  အဲဒီနောက် တံကောက်ကြောဒဏ်ရာရရှိခဲ့တာကြောင့် ဆလိုဗက်ကီးယားကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ပါဝင်ကစားနိုင်ခြင်း မရှိခဲ့ပါဘူး။ နိုဝင်ဘာ ၁၉ ရက်မှာ အစ္စရေးနဲ့ ကစားမယ့်ပွဲမှာ ပြန်လည်ပါဝင်နိုင်ဖို့ မသေချာသေးဘဲ လီဗာပူးအသင်းရဲ့ ပွဲစဉ်တွေကိုလည်း လွဲချော်ဖွယ်ရှိနေပါတယ်။
2 years Ago
More News
Up