သမိုင်းမှာ ပထမဆုံးအနေနဲ့ လရဲ့ နေရောင်ကျတဲ့ မျက်နှာပြင်ဘက်အခြမ်းပေါ်မှာ ရေကို တွေ့ပြီလို့ အမေရိကန် အမျိုးသားအာကာသသိပ္ပံ နာဆာရဲ့ နက္ခတ္တဗေဒ အနီအောက်ရောင်ခြည်သုံး လေ့လာရေးဌာန ဆိုဖီယာက အောက်တိုဘာ ၂၆ ရက်မှာ အတည်ပြုလိုက်ပါတယ်။
လရဲ့တောင်ဘက်ခြမ်းမှာရှိပြီး ကမ္ဘာကနေ လှမ်းမြင်ရတဲ့ အကြီးဆုံး မီးတောင်အူကြောင်းတွေထဲက တခုမှာ ရေကို တွေ့ခဲ့တာပါ။
အစောပိုင်းက ဟိုက်ဒြိုဂျင် ရှိတာကိုသိပေမဲ့ ရေနဲ့ ဆင်တူတဲ့ ဟိုက်ဒရောက်ဆိုနဲ့ မှားယွင်းမှာစိုးလို့ ထပ်ပြီး စမ်းသပ်ခဲ့ရာက ရလာတဲ့ သတင်းအချက်အလက်တွေအရ ရေ ဆိုတာ အတည်ပြုနိုင်ခဲ့ပါတယ်။
ရှာဖွေတွေ့ရှိမှုအရ ရေဟာ လရဲ့ အေးစက်မှောင်မိုက်တဲ့ နေရာတွေပါမကျန် လမျက်နှာပြင် တခုလုံးမှာ ပျံ့နှံ့တည်ရှိနေနိုင်တာကို ညွှန်ပြနေတယ်လို့ နာဆာက သူ့ရဲ့ တရားဝင် အင်တာနက် စာမျက်နှာပေါ်ကနေ ပြောပါတယ်။
ဒါကြောင့် နေအဖွဲ့အစည်းထဲမှာ လေမရှိတဲ့ ဂြိုဟ်တွေနဲ့ လရဲ့ သမိုင်းကြောင်းတွေနဲ့ပတ်သက်ပြီး မေးခွန်းတွေ ပေါ်လာတယ်လို့ နာဆာက သိပ္ပံပညာရှင်တွေက ပြောပါတယ်။
လရဲ့ နေရောင်ကျနေတဲ့ အစိတ်အပိုင်းမှာ ရေရှိနေနိုင်မယ်လို့ မထင်ခဲ့မိဘူးလို့လည်း နာဆာရဲ့ အာကာသရူပဗေဒဌာန ညွှန်ကြားရေးမှူး ပေါလ်ဟာ့ဇ်က ပြောပါတယ်။
လမျက်နှာပြင်ပေါ်က မြေသား ၁ ကုဗမီတာမှာ ရေ ၁၂ အောင်စဟာ မြေစာတွေနဲ့ ရောပြီး ရှိနေတယ်။ ဒါဟာ ကမ္ဘာမြေပေါ်က အခြောက်သွေ့ဆုံး ကန္တာရထက် အများကြီးပိုပြီး ခြောက်သွေ့နေတာလို့ သူက ပြောပါတယ်။
လပေါ်မှာ ရေကို အရည်အဖြစ် မတွေ့ရပေမယ့် ရေဟာ အရင်ကသိတာထက် ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ရှိနေတယ်၊ ရေမော်လီကျူးတွေဟာ လမျက်နှာပြင်ပေါ်က သတ္ထုခဲတွေထဲမှာ ပိတ်မိနေတယ်၊ လပေါ်မှာ အမြဲတမ်း အရိပ်ကျနေတဲ့ နေရာက ရေခဲကွက်တွေထဲမှာ ပိုများတဲ့ ရေတွေ ရှိနေနိုင်တယ်လို့လည်း နာဆာက ပြောပါတယ်။
၂၀၁၈ ခုနှစ်က နာဆာ သိပ္ပံပညာရှင်တွေဟာ လရဲ့ ဝင်ရိုးစွန်းဒေသက အမှောင်ဆုံး၊ အအေးဆုံးနေရာတွေမှာ ရေခဲသိုက်တွေ ရာချီရှိတဲ့ မြေကွက်တွေအတွင်း ရေရှိတာကို အတည်ပြုခဲ့ကြပါတယ်။
နေရောင်ရတဲ့ဒေသထဲက ရေဟာ ဝင်ရိုးစွန်း ရေခဲသိုက်ထဲမှာ တွေ့တဲ့ရေထက် သိပ်သည်းဆ အများကြီး ပိုနည်းတာမို့ သိပ္ပံပညာရှင်တွေဟာ ရေအတွက် ဝင်ရိုးစွန်းမှာ ရေရှာဖို့ ပထမဆုံး ကြိုးစားမယ်လို့ ဟာ့ဇ်က ပြောပါတယ်။
ကမ္ဘာဂြိုဟ်ဘက် မျက်နှာပေးထားတဲ့ လ မျက်နှာစာခြမ်းတလွှား ရေရှာဖွေမှုကို တိုးလုပ်ချင်နေတာကြောင့် နာဆာက သိပ္ပံပညာရှင်တွေဟာ လပေါ်ကို အာကာသယာဉ်မှူးတွေ ပြန်လွှတ်ဖို့လည်း စီစဉ်နေပါတယ်။
2 years Ago