နေရာ ၅၂ ခု

A d v e r t i s e m e n t With Us

January 5, 2020

လက်စားချေပါက အီရန်နေရာ ၅၂ ခုကို ပစ်ခတ်မည်ဟု ထရမ့်ခြိမ်းခြောက်

တကယ်လို့များ အီရန်အစိုးရက လက်စားချေဖို့ အမေရိကန်နိုင်ငံသားတွေ ဒါမှမဟုတ် အမေရိကန်ရဲ့ ပိုင်ဆိုင်မှုတွေကို တိုက်ခိုက်ခဲ့ရင် အီရန်ရဲ့ နေရာ ၅၂ ခုကို အမေရိကန်က ပြန်ပစ်ခတ်ဖို့ ပစ်မှတ်ထား ချိန်ရွယ်ထားပြီးပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇန်နဝါရီ ၄ ရက်မှာ ပြောလိုက်ပါတယ်။  အီရတ်နိုင်ငံထဲက အမေရိကန်သံရုံးကို မီးရှို့တိုက်ခိုက်ခံရလို့ အီရန်ဗိုလ်ချုပ်ကြီး ကာဆမ် ဆူလေမာနီကို အမေရိကန်က ဒရုန်းယာဉ်နဲ့ တိုက်ခိုက်သတ်ဖြတ်ခဲ့အပြီးမှာ ထရမ့်က ခုလို ပြောလိုက်တာပါ။ ဆူလေမာနီဟာ အီရန်နိုင်ငံအတွင်း ဘာသာရေးခေါင်းဆောင် အယာတိုလာအလီ ခါမေးနီ ပြီးရင် ဒုတိယသြဇာအရှိဆုံးလူလို့ မီဒီယာတွေက အစီရင်ခံပါတယ်။ ဆူလေမာနီ သေဆုံးမှုအတွက် လက်စားချေဖို့ အမေရိကန်ပိုင်ဆိုင်မှုတွေကို ပစ်မှတ်ထားမယ်လို့ အီရန်အစိုးရက အင်မတန် ရဲရဲတင်းတင်း ပြောနေတယ်လို့လည်း ထရမ့်က တွစ်တာ လူမှုကွန်ရက်မှာ ရေးပါတယ်။  အမေရိကန်ဟာ အီရန်နဲ့ အီရန်ယဉ်ကျေးမှုအတွက် အင်မတန်အဆင့်မြင့် အရေးကြီးတဲ့ နေရာ ၅၂ ခုကို ချိန်ရွယ်ထားတယ်။ အီရန်ဟာ ကိုယ့်ကိုယ်ကိုယ် မြန်မြန်ဆန်ဆန် ပြင်းပြင်းထန်ထန် ထိခိုက်အောင် လုပ်သလို ဖြစ်သွားလိမ့်မယ်လို့လည်း ထရမ့်က ဆက်ရေးထားပါတယ်။  ၁၉၇၉ ခုနှစ်က အီရန်ရဲ့မြို့တော်တီဟီရန်က အမေရိကန်သံရုံး သိမ်းပိုက်ခံရအပြီး အီရန်နိုင်ငံထဲမှာ ဓားစာခံ ဖမ်းထားခံရတဲ့ အမေရိကန် နိုင်ငံသား ၅၂ ယောက်ကို ကိုယ်စားပြုတဲ့ အနေနဲ့ ပစ်မှတ် ၅၂ ခုကို ချိန်ရွယ်ထားတာဖြစ်ပြီး အမေရိကန်ဟာ နောက်ထပ် ဘယ်လို ခြိမ်းခြောက်မှုကိုမှ မလိုချင်တော့ဘူးလို့လည်း ထရမ့်က ပြောပါတယ်။  ဒါဟာ အီရန်တွေ ကျဆုံးဖို့ အင်မတန် ဆိုးရွားတဲ့ လမ်းကြောင်းပဲဆိုတာ သမ္မတ ထရမ့်က အီရန် နိုင်ငံသားတွေကို ရှင်းရှင်းလင်းလင်း ပြောလိုက်တာပဲလို့ သမ္မတရဲ့ နိုင်ငံတော်လုံခြုံရေးအကြံပေး ရောဘတ် အိုဘရိုင်ယန်က Fox News သတင်းဌာနနဲ့ လူတွေ့ မေးမြန်းခန်းမှာ ပြောပါတယ်။ အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမဒ် ဂျဗဒ် ဇာရိဗ်ကလည်း ဆူလေမာနီ သေဆုံးမှုအတွက် အီရန်ဟာ ဘယ်လို အချိန်မှာမဆို ဘယ်လိုပုံစံနဲ့မဆို အမေရိကန်ကို တုံ့ပြန်သွားမယ်လို့ ဇန်နဝါရီ ၃ ရက်က ပြောထားပါတယ်။ အီရန်ဘာသာရေး ခေါင်းဆောင် အယာတိုလာ အလီ ခါမေးနီကလည်း ဆူလေမာနီကို သတ်တဲ့ ရာဇဝတ်သားတွေကို အပြင်းအထန် လက်စားချေမယ်၊ အမေရိကန်နဲ့ အစ္စရေးအပေါ် အီရန်ရဲ့ ခုခံမှု ၂ ဆတိုးစေမယ်လို့ ပြောရင်း နိုင်ငံတော်ဝမ်းနည်းခြင်းကာလ ၃ ရက် သတ်မှတ်ခဲ့ပါတယ်။  ထရမ့်ကတော့ ဆူလေမာနီကို သတ်ဖို့ အမိန့်ပေးရတာဟာ စစ်ပွဲသစ် စဖို့မဟုတ်ဘဲ စစ်ပွဲကို တားဆီးဖို့သာဖြစ်ပြီး ဆူလေမာနီဟာ အမေရိကန်သံတမန်တွေနဲ့ စစ်ဘက်အရာရှိတွေကို တိုက်ခိုက်ဖို့ အကွက်ချစီစဉ်ခဲ့တယ်လို့ သတင်းထောက်တွေကို ဇန်နဝါရီ ၃ ရက်မှာ ပြောခဲ့ပါတယ်။
1 year Ago
Up