နေရပ်ရွှေ့ပြောင်း ပျံသန်းလေ့ရှိသည့် ငှက်များ

June 24, 2020

ပါကစ္စတန်နိုင်ငံထဲမှာ နေရပ်ရွှေ့ပြောင်း ပျံသန်းလေ့ရှိသည့် ငှက်များ ပိုမိုရောက်ရှိလာ

ပါကစ္စတန်နိုင်ငံထဲမှာ ကိုဗစ်-၁၉ ကူးစက်ကပ်ဘေးကြောင့် အသွားအလာ ကန့်သတ်ထားချိန် ငှက်ဖမ်းသမားတွေနဲ့ ဝေးနေတဲ့အတွက်  နေရပ်ရွှေ့ပြောင်း ပျံသန်းလေ့ရှိတဲ့ ငှက်တွေ အုပ်လိုက် ရောက်လာပါတယ်။ ရုရှားမြောက်ပိုင်း ဆိုက်ဘေးရီးယားဒေသကနေ အိန္ဒိယနိုင်ငံဆီကို ပျံသန်းလေ့ရှိတဲ့ ငှက်ကောင်ရေ ၁ သန်းလောက်ဟာ ပါကစ္စတန်နိုင်ငံကို နှစ်စဉ် ဖြတ်ကျော်ပျံသန်းရင်း ခရီးတထောက်နားလေ့ ရှိပါတယ်။ နိုင်ငံအရှေ့တောင်ပိုင်း ဆင်းဒ်ပြည်နယ်ကို ရောက်လာတဲ့ငှက်တွေထဲမှာ ကြိုးကြာ၊ ငှက်ကြီးဝန်ပို၊ ဘဲခေါင်းစိမ်းနဲ့ ကြာဖက်နင်းငှက်တို့လည်း ပါပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေး လုပ်ဆောင်ချက်တွေက ငှက်တွေ အခြေကျဖို့ အကူအညီရတယ်။ ငှက်တွေ ဒီနှစ် ပိုကြာကြာနေတယ်လို့ သားရိုင်းတိရစ္ဆာန် ဓာတ်ပုံဆရာ အာမာအလီရစ်ဗီက ပြောပါတယ်။ ဆင်းဒ်ပြည်နယ်မှာ သားရိုင်းဘေးမဲ့တော ၃၃ ခုနဲ့ အမျိုးသားဥယျာဉ်တခုရှိလို့ ငှက်မျိုးစိတ် ၃၀၀ ကျော်ရဲ့ ခိုလှုံရာလည်း ဖြစ်နေပါတယ်။ ဆင်းဒ်ပြည်နယ်မှာ ကောက်ခံတဲ့စစ်တမ်းအရ မနှစ်ကထက် ဒီနှစ် ငှက်ကောင်ရေ ၃ ဆ ပိုရောက်လာတယ်လို့ ဆင်းဒ်ပြည်နယ် သားရိုင်းဌာန ခရိုင်ထိန်းသိမ်းရေးမှူးက ပြောပါတယ်။ ပြည်တွင်းဈေးကွက်ထဲမှာ သားရိုင်း တရားမဝင် ကုန်သွယ်မှုလည်း မရှိတော့ဘူးလို့ သူက ပြောပါတယ်။ လော့ဒေါင်းချပြီးကတည်းက သားရိုင်း ထောင်ချောက်ဆင် ဖမ်းတာ၊ တရားမဝင် ကုန်သွယ်တာ အမဲလိုက်တာတွေ အပါအဝင် ရာဇဝတ်မှုတွေကို မှတ်တမ်းမရတော့ဘူးလို့လည်း သူက ပြောပါတယ်။ ပါကစ္စတန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ သေဆုံးသူ ၃,၀၀၀ ကျော်ပြီး မတ်လတည်းက အသွားအလာ ကန့်သတ်ချက် လော့ဒေါင်းချထားပါတယ်။
1 year Ago
Up