နေရပ်ပြန်လာ

September 24, 2021

မိုဇမ်ဘစ်စစ်ရှောင်များ စိုးရိမ်စိတ်ဖြင့် နေရပ်ပြန်လာ

မိုဇမ်ဘစ်နိုင်ငံမြောက်ပိုင်းနေပြည်သူတွေဟာ လွန်ခဲ့တဲ့ ၆ လလောက်က အစ္စလာမ္မစ်နိုင်ငံတော်နဲ့ ဆက်နွှယ်နေတဲ့ စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုတွေကနေ ပြည်တွင်းမှာ စစ်ဘေးရှောင်နေရပေမဲ့လည်း အခုတော့ လုံခြုံရေးစိုးရိမ်မှုတွေ ရှိနေတဲ့ကြားကပဲ ကိုယ့်နေရပ် နေအိမ်တွေဆီ ပြန်လာနေကြပါပြီ။ 

ရဝမ်ဒါနဲ့ တခြားအာဖရိကနိုင်ငံများက စစ်သားတွေရောက်လာပြီး သူပုန်တွေကို ဆုတ်ခွာ ကြဖို့ တွန်းအားပေးခဲ့ပြီးနောက်မှာတောင် မြောက်ဘက်စွန်းပြည်နယ် ကာဘိုဒလ်ဂါဒိုရဲ့ နေရာအတော်များများမှာ လုံးဝကို စွန့်ပစ်နေရာဖြစ်ပြီး ပျက်စီးနေပါတယ်။ 

မီဒီယာသတင်းတွေအရ အဲ့ဒီဒေသတွေဆီ ပြန်လာကြတာ အန္တရာယ်ကင်းပါတယ်လို့ ဒေသခံအရာရှိတချို့ အကြံပြုခဲ့ကြပြီး တချို့နေရာတွေမှာတော့ အရပ်သားတွေကို သူတို့ ထွက်ပြေးခဲ့ကြတဲ့ မြို့တွေဆီ စစ်သား အစောင့်အကြပ်တွေနဲ့ လိုက်ပါ ပို့ဆောင်ပေးခဲ့ ရတယ်လို့လည်း ဆိုပါတယ်။

ဒါပေမဲ့ ကုလသမဂ္ဂ လုံခြုံရေးနဲ့ဘေးကင်းရေးဌာန (UNDSS) ကတော့ လုံခြုံရေးက မရေရာသေးဘူးလို့ သတိပေးထားကြောင်း ရိုက်တာက တွေ့မြင်ခဲ့ရတဲ့ စာရွက်စာတမ်းတွေအရ သိရပါတယ်။

ရဝမ်ဒါကာကွယ်ရေးတပ်ဖွဲ့ (RDF) ပြောရေးဆိုခွင့်ရှိသူ ရိုနလ်ဒ် ရွီဗန်ဂါ ပြောတာကတော့ သူတို့ဟာ စခန်းတွေကို ဖြတ်ပြီး နေရပ်ပြန်ပို့ရေးကို ဆက်လုပ်သွားမယ်လို့ စက်တင်ဘာ ၂၃ ရက် ကြာသပတေးနေ့မှာ ရိုက်တာကို ပြောခဲ့ပါတယ်။ 

သူပုန်တွေဟာ မတ်လတုန်းက သူတို့ရဲ့အထင်ရှားဆုံးချေမှုန်းရေးထဲမှာ Palma ကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး လူအတော်များများ သေဆုံးခဲ့ရပြီးတော့ လူ ၉ သောင်းနီးပါး သူတို့အိမ်တွေ ကနေ မဖြစ်မနေ စွန့်ခွာပြေးခဲ့ရတာပါ။ 

မြို့အစွန်အဖျားမှာ ဘီလီယံပေါင်းများစွာ တန်တဲ့ ဓာတ်ငွေ့စီမံကိန်းတစ်ခုကလည်း လည်ပတ်မှု ရပ်တန့်သွားပြီး ဒေသတွင်းအိမ်နီးချင်းတွေဆီက စစ်ရေးအကူအညီကို လက်ခံဖို့ မိုဇမ်ဘစ်ကို သတိပေးတိုက်တွန်းကြပါတယ်။ 

ဒါပေမဲ့ အဲ့ဒီဒေသတွေဆီ မပြန်ချင်၊ မပြန်ရဲသေးတဲ့လူအတော်များများ ကျန်နေသေးပြီး အခုလအတွင်းမှာ လူဦးရေ ၇ သိန်းခွဲလောက် အိုးအိမ်မဲ့ဖြစ်နေကြောင်း နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်မှုအဖွဲ့အဆိုအရ သိရပါတယ်။ 

ပြည်နယ်တဝန်း လူတွေဟာ ၀င်ငွေမရှိ၊ စားနပ်ရိက္ခာရရှိမှု နည်းပါးပြီး တချို့နေရာ အတော်များများမှာလည်း အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ OCHA က ဇူလိုင်လမှာ ပြောကြားခဲ့ပါတယ်။ 

အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေတဲ့ကြားမှာ ဇူလိုင်လအတွင်း မြို့နဲ့အနီးတဝိုက်မှာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့လူပေါင်း ၁ သိန်း ၂ သောင်းလောက်ရှိတယ်လို့ ကုလသမဂ္ဂရဲ့ လူသားချင်းစာမှုကူညီပေးရေး အေဂျင်စီက ပြောပါတယ်။  

11 months Ago

March 19, 2020

ဥရောပရောက် ဟောင်ကောင်နိုင်ငံသားများ နေရပ်ပြန်လာ

ဥရောပနိုင်ငံတွေမှာနေကြတဲ့ ဟောင်ကောင်ဒေသခံတွေဟာ သူတို့ကို မိခင်ဒေသဆီ ပြန်လာခွင့်မပြုမှာကို စိုးရိမ်ပြီး မတ်လ ၁၈ ရက်က  အဆောတလျင် ဟောင်ကောင်ကို ပြန်လာကြ ပါတယ်။   ဟောင်ကောင်ကိုလာတဲ့ခရီးသည်အားလုံး ၁၄ ရက် သီးခြားစောင့်ကြည့်ခံရမယ်ဆိုတဲ့ အစီအမံကို အကောင်အထည်မဖော်ခင် တရက် အလိုမှာ သူတို့ပြန်လာခဲ့တာပါ။ အိမ်ပြန်ခရီးမှာတော့ ခရီးသည် တချို့ဟာ နှာခေါင်းစည်း ၊ လက်အိတ် ၊ မျက်လုံး အကာကွယ်နဲ့ ပလတ်စတစ်ဝတ်စုံတွေကို ဝတ်ပြီး  ဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးအစီအမံတွေ လုပ်ဆောင်ကြပါတယ်။  နိုင်ငံခြားမှာ ကျောင်းတက်နေတဲ့ ဟောင်ကောင်ဒေသခံ တဦးက သူတက်နေတဲ့ကျောင်းမှာ ကိုရိုနာဗိုင်းရပ်စ်အတည်ပြု လူနာ ၇ ယောက်ရှိနေတာမို့ ကိုယ့်အရပ် ကိုယ့်ဒေသကိုပဲ ပြန်လာ ချင်တယ်လို့ ပြောပါတယ်။ ဗြိတိန်မှာဆိုရင် လေဆိပ်လိုနေရာမျိုးတောင်မှ နှာခေါင်းစည်း တပ်တဲ့လူ ၂၀ရာခိုင်နှုန်း လောက်သာရှိပြီး ဟောင်ကောင်သားတွေက ပိုမိုဂရိုစိုက်ကြတယ်လို့ ပြောပါတယ်။  ဒါကြောင့် ဟောင်ကောင်မှာပဲ ပြန်လာနေတာအန္တရာယ် ကင်းမယ်ဆိုပြီး ပြန်လာတာ ဖြစ်တယ်လို့ အသက် ၂၀အရွယ် ကျောင်းသူက ပြောပါတယ်။  ဟောင်ကောင်ကို လာရောက်တဲ့ ခရီးသွားအားလုံး သီးခြားစောင့်ကြည့်မှု ခံရမယ်လို့ ဟောင်ကောင်အစိုးရက မတ်လ ၁၇ ရက်မှာ  ကြေညာထားသလို စင်္ကာပူနဲ့ ပူးပေါင်းပြီး မလို အပ်ဘဲ ခရီးမသွားကြဖို့ ဒေသခံတွေကိုညွှန်ကြားထားပါတယ်။  ဟောင်ကောင်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၈၁ဦး ရှိပြီး အခုထိ သေဆုံးသူ ၄ ဦး ရှိပါတယ်။  ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်း ကူးစက်ခံရသူအများစုဟာ ပြည်ပက လာရောက်သူတွေ ဖြစ်တယ်လို့ ဟောင်ကောင်အာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။
2 years Ago
Up