နေရပ်ပြန်ရောက်

December 19, 2020

ပြန်ပေးဆွဲခံနိုက်ဂျီးရီးယား ကျောင်းသား ၃၀၀ ကျော် နေရပ်ပြန်ရောက်

နိုက်ဂျီးရီးယား အနောက်မြောက်ပိုင်းမှာ ပြန်ပေးဆွဲခံရတဲ့ ကျောင်းသားတွေဟာ ပြန်လွတ်လာပြီး ဒီဇင်ဘာလ ၁၈ ရက်က နေရပ်ကို  ပြန်ရောက်ခဲ့ပါတယ်။   စုစုပေါင်း ကျောင်းသား ၃၄၄  ယောက် ပြန်ပေးဆွဲခံရပြီး အဲဒီထဲက အများစု ပြန်လွတ်လာ တယ်လို့ ကတ်ဆီနာပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။  ဒီဇင်ဘာ ၁၁ ရက်က သူတို့ဟာ  အိမ်နီးချင်း ဇမ်ဖာရာပြည်နယ် သစ်တော တစ်ခုအတွင်း ပြန်ပေးဆွဲခဲ့တာပါ။   ကျောင်းသားတွေကို ဘိုကိုဟာရမ် အစ္စလာမ်မစ် အကြမ်းဖက်အဖွဲ့က ခေါ်ဆောင်သွား တယ်လို့ အတည်မပြုနိုင်သေးတဲ့ အသံသွင်းမှတ်တမ်းက ဆိုပါတယ်။   ၂၀၁၄ ခုနှစ်ကလည်း ဘိုကိုဟာရမ် စစ်သွေးကြွအဖွဲ့ဟာ နိုင်ငံအရှေ့မြောက်ပိုင်း ချီဘို့မြို့က ကျောင်းသူ အယောက် ၂၇၀ ကျော်ကို ပြန်ပေးဆွဲခဲ့ဖူးပါတယ်။  ကန်ကာရာမြို့ အလယ်တန်းကျောင်းက ကျောင်းသားတွေဟာ  ဒီဇင်ဘာ ၁၈ ရက်မှာတော့ ကတ်ဆီနာပြည်နယ်က အစိုးရရုံးတစ်ခုကို ရောက်လာခဲ့ပါတယ်။  ကျောင်းသား တစ်ဦးက ပြန်ပေးသမားတွေဟာ သူတို့ကို အစာဝလင်အောင် မကျွေးဘူးလို့ ဆိုပါတယ်။  အစိုးရတိုက်လေယာဉ်ကို တွေ့တော့ သူတို့ကို နေရာပြောင်းခိုင်းတယ်လို့လည်း အဲဒီ ကျောင်းသားက ပြောပြခဲ့ပါတယ်။   အခုပြန်လွတ်လာတဲ့ ကျောင်းသားတွေကို တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီးမှ  သက်ဆိုင်ရာ မိဘတွေဆီ အပ်နှံသွားမယ်လို့လည်း   ရိုက်တာက ဖော်ပြပါတယ်။ 
5 months Ago

October 27, 2019

အမေရိကန်အကျဉ်းထောင်မှ ပြန်လွတ်လာသည့် ရုရှားအေးဂျင့် မာရီယာ ဘာချီနာ နေရပ်ပြန်ရောက်

အမေရိကန် အကျဉ်းထောင်ကနေ လွတ်မြောက်လာတဲ့ ရုရှားအေးဂျင့် မာရီယာ ဘာချီနာဟာ အောက်တိုဘာလ ၂၆ ရက်နေ့မှာ မိခင်ရုရှားနိုင်ငံကို ပြန်ရောက်လာခဲ့ပါတယ်။  မော်စကိုကို ရောက်လာတဲ့ ဘာချီနာကို ဖခင်ဖြစ်သူနဲ့ ရုရှားဂျာနယ်လစ်တွေက ကြိုဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းက ဘာချီနာဟာ ရုရှားအေးဂျင့်အဖြစ် ပူးပေါင်းကြံစည်မှုမှာ အပြစ်ရှိတယ်လို့ ဝန်ခံခဲ့ပါတယ်။  သူဟာ အမေရိကန် သေနတ်အခွင့်အရေးလှုပ်ရှားအဖွဲ့တွေထဲ စိမ့်ဝင်ထိုးဖောက်ပြီး အမေရိကန် ကွန်ဆာဗေးတစ် တက်ကြွလှုပ်ရှားသူတွေနဲ့ ရီပတ်ဘလီကန်တွေအပေါ် သြဇာသုံးခဲ့တယ်လို့ အမေရိကန်အာဏာပိုင်တွေက  စွပ်စွဲခဲ့တာပါ။  အဲဒီအမှုနဲ့ပတ်သက်ပြီး အသက် ၃၀ အရွယ် မဟာဘွဲ့ တက်ရောက်နေတဲ့ ကျောင်းသူ ဘာချီနာကို အမေရိကန် အစိုးရက အဓိပ္ပာယ်မဲ့ စွပ်စွဲချက်တွေနဲ့ အတင်းအကျပ် ဝန်ခံခိုင်းတယ်ဆိုပြိး   ရုရှားအစိုးရက စွပ်စွဲခဲ့ပါတယ်။ ဘာချီနာရဲ့ အမှုကြောင့် နောက်ပိုင်း ရုရှား-အမေရိကန် ဆက်ဆံရေး ဆိုးရွားခဲ့ပါတယ်။ ဘာချီနာဟာ ရုရှားနိုင်ငံအတွက် သူလျှိုလုပ်ပေးမှုနဲ့ ထောင် ၁၈ လ ကျခံပြီးနောက် အောက်တိုဘာလ ၂၅ ရက်နေ့က ဖလော်ရီဒါ အကျဉ်းထောင်ကနေ လွတ်မြောက်ခဲ့တာပါ။   ရုရှားနိုင်ငံပိုင် မီဒီယာနဲ့လုပ်တဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဘာချီနာက သူ့မှာ အပြစ်မရှိဘူးလို့ ပြောခဲ့ပါတယ်။
2 years Ago
Up