နေရပ်ပြန်

December 2, 2022

ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်အချို့ နေရပ်ပြန်

စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(အေအေ)တို့ အပစ်အခတ်ရပ်စဲပြီးနောက် ပုဏ္ဏားကျွန်းမြို့နယ်က  စစ်ဘေးရှောင်တချို့ နေရပ်ပြန်နေကြပြီဖြစ်ပါတယ်။

ဆင်အင်းကြီးရွာနဲ့ ပဒေသာရွာကြားမှာ နိုဝင်ဘာ ၁၀ ရက်က စစ်ကောင်စီရဲ့ ရိက္ခာကားတစီးကို အေအေက သိမ်းပိုက်ခဲ့ပြီးတဲ့နောက် ပုဏ္ဏားကျွန်းမြို့နယ်အနောက်ခြမ်းက ရွာတွေကို စစ်ကောင်စီ တပ်က ထိုးစစ်ဆင်တာကြောင့် ဒေသခံ သောင်းနဲ့ချီ ဘေးလွတ်ရာ ထွက်ပြေးခဲ့ရတာလို့ ဆင်အင်းကြီးရွာနေသူ တဦးက  ပြောပါတယ်။

“ရွာကို နိုဝင်ဘာလ ၁၀ ရက်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး ပြည်သူ ၉ ယောက်ကို သတ်ဖြတ်ခဲ့သလို နိုဝင်ဘာ ၁၁ ရက်မှာလည်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည် ထိမှန်ပြီး ဒီပါရုံရွာက ပြည်သူ နှစ်ယောက် သေဆုံးခဲ့တာကြောင့် ရွာ ၁၀ ရွာကျော်လောက်က ဒေသခံ သောင်းနဲ့ ချီ ဘေးလွတ်ရာကို ထွက်ပြေးကြရတာ။”

ထွက်ပြေးတိမ်းရှောင်တဲ့ အခါမှာလည်း ကားလမ်းတွေ ပိတ်ဆို့ထားတာကြောင့် ရေလမ်းခရီး အတိုင်း လက်နက်ကြီးတွေ ပစ်ခတ်နေတဲ့ ကြားထဲက စက်လှေနဲ့ ထွက်ပြေးကြရသလို စက်လှေ လုံလောက်မှု မရှိတဲ့ အခက်ခဲတွေလည်း ကြုံတွေ့ခဲ့ရတယ်လို့ တန်းခိုးကျေးရွာ ဒေသခံတဦးက ပြောပါတယ်။

စစ်ဘေးရှောင်စခန်းတွေနဲ့ နီးစပ်ရာဆွေမျိုးတွေဆီမှာ ခိုလှုံနေရပေမဲ့ စစ်ကောင်စီဘက်က ကုန်းလမ်း၊ ရေလမ်းတွေ ပိတ်ဆို့ထားတာကြောင့် စားနပ်ရိက္ခာ ဝယ်ယူဖို့ အခက်ကြုံတွေ့နေတာ တွေ့ရတော့  ရေရှည်နေထိုင်ဖို့ မလွယ်လို့ ကိုယ့်အိမ်ကို ပြန်ခဲ့ကြတာလို့ ဒေသခံတွေက ဆိုပါတယ်။

ဒေသခံ တဦးက “လက်နက်ကြီးပစ်သံတွေ မကြားရတာတော့ တပတ်လောက်ရှိပြီ။ အပစ်ရပ်စဲ ထားတယ်ဆိုပေမဲ့ အချိန်မရွေး တိုက်ပွဲ ပြန်ဖြစ်နိုင်လို့ သတိထားစောင့်ကြည့်ကြရမှာပါ။ တချို့ မိသားစုတွေကို စိတ်မချရသေးလို့ ပြန်မခေါ်သေးဘူး။ ကျနော်တို့ စိုက်ပျိုးထားတဲ့ စပါးခင်းတွေကိုတော့ ပြန်လည်ရိတ်သိမ်းနေသလို အေအေက ရဲဘော်တွေလည်း စပါးကူရိတ် ပေးကြတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ အေအေတို့ နိုဝင်ဘာ ၂၆ ရက်မှာ လူသားချင်းစာနာမှုဆိုင်ရာ အပစ်ခတ်ရပ်စဲပြီး ကုန်းလမ်း၊ ရေလမ်း တချို့ကို ပြန်ဖွင့်ပေးခဲ့ပေမဲ့ ပုဏ္ဏားကျွန်း-စစ်တွေ ကားလမ်းကိုတော့  ဒီဇင်ဘာ ၂ ရက်အထိ ပြန်မဖွင့်ပေးသေးတာကြောင့် ဒေသခံတွေ အခက်ခဲဖြစ်နေကြတယ်လို့ သိရပါတယ်။

4 days Ago

November 9, 2022

မိုးဗြဲအင်းအရှေ့ဘက်ကမ်းက စစ်ဘေးရှောင်များ နေရပ်ပြန်

စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲဖြစ်ပွားခဲ့လို့ စစ်ဘေးတိမ်းရှောင်နေကြရတဲ့ ရှမ်း-ကယားနယ်စပ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲအင်း အရှေ့ဘက်ကမ်းမှာရှိတဲ့ ကျေးရွာတွေက ပြည်သူတွေဟာ နေရပ်မှာ ပြန်လည်နေထိုင်နေကြပြီလို့ ဒေသခံတွေက ပြောပါတယ်။

ဖယ်ခုံမြို့နယ်ရှိ လွယ်ပေါ၊ လဟယ်၊ မခေးခမ်း၊ ငါးမူ(နားနော)၊ နမ်စွန်း၊ နမ့်ပေါ်လုံ၊ ဆောင်းနန်းခဲ စတဲ့ကျေးရွာ ၇ ရွာက စစ်ဘေးရှောင်ပြည်သူတွေ ပြန်လည် နေထိုင်နေကြတာပါ။

လွယ်ပေါရွာမှာ လက်ရှိပြန်နေထိုင်နေတဲ့ စစ်ရှောင်အမျိုးသမီးတယောက်က “အခု ကျမတို့ ရွာမှာ ပြန်နေလို့ရပြီ။ ဆောင်ကမ်းကနေ ဆောင်နမ်းခဲကြားမှာရှိတဲ့ ရွာအကုန်လုံး ပြန်နေကြပြီ။ စစ်တပ်ကတော့ မဆုတ်သေးဘူး ရှိနေတုန်းပဲ။ PDF ကလေးတွေက ပြည်သူ့အသံကို နားထောင်ပေးပြီး စစ်တပ်ကို သွားမတိုက်တော့လို့ ရွာမှာပြန်နေလို့ရတာပါ” လို့ ပြောပါတယ်။

ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်က အိမ်ခြေ ၅၀ ကျော်ရှိတဲ့ ဆောင်နန်းခဲကျေးရွာ တရွာလုံးကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် လွယ်ပေါနဲ့ နမ့်ပေါ်လုံကျေးရွာက နေအိမ်တချို့နဲ့ ပြောင်းပွဲရုံ၊ စျေးဆိုင်ခန်းတွေ ဖောက်ထွင်းခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒေသခံတယောက်က “ဆောင်နန်းခဲရွာက အိမ်ခြေ ၅၅ အိမ်ရှိတယ်။ စစ်တပ်က မီးရှို့လိုက်လို့ အခု ၅ အိမ်ပဲ ကျန်တော့တယ်။ စစ်တပ်စစ်ကြောင်း စထိုးလာတဲ့ မေလ ၁၆ ရက်နေ့က ရွာကို မီးရှို့လိုက်တာ။ ကျန်တဲ့ရွာတွေကတော့ အိမ်တွေဖောက်ခံရတယ်၊ စျေးဆိုင်တွေ ဖောက်ခံရတယ်၊ ပြောင်းဂိုဒေါင်တွေ ဖောက်ပြီး အကုန်လုံး ကားနဲ့တိုက်ယူသွားတယ်။ ကားကြီးတွေနဲ့ ညောင်ရွှေဘက်ကို တိုက်ယူသွားတာ ဘာမှကိုမကျန်ဘူး” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေလဆန်းက မိုးဗြဲ-ညောင်ရွှေ ကားလမ်းပေါ်မှာရှိတဲ့ ထီရိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ရှမ်း-ကယားဒေသက ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်ခဲယမ်းတွေ ရယူခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူယူကာ လွယ်ပေါကျေးရွာဘက်ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာခဲ့တာကြောင့် ဒေသခံ ကျေးရွာသားတွေ စစ်ဘေးတိမ်းရှောင်ခဲ့ရတာ ဖြစ်ပါတယ်။

အခုလို  ကောက်ပဲသီးနှံတွေ ရိတ်သိမ်းရာသီမှာ ပြည်သူတွေ နေရပ်ပြန်နေနိုင်ဖို့ ကယန်းပြည်သစ်ပါတီနဲ့ ရပ်မိရပ်ဖတွေက ညှိနှိုင်းခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

“ကယန်းပြည်သစ်နဲ့ ရပ်မိရပ်ဖတွေက ကြားကနေပြီး စစ်တပ်နဲ့ ညှိလိုက်လို့ အခုလို အိမ်ပြန်လာနေလို့ရတာပါ။ ပီဒီအက်ကလေးတွေကလည်း လွယ်ပေါမှာရှိနေတဲ့ စစ်တပ်ကို မတိုက်ဘဲ ရှောင်နေပေးတယ်။ အခုကျမတို့ စိုက်ထားတဲ့ ပြောင်းဖူးတွေ လာချိုးနေတာ ကျမအိမ်တော့ အရမ်းကြီးထိခိုက်ပျက်ဆီးတာမရှိဘူး။ တံခါးပေါက်တွေပဲ လက်နက်ကျည်တွေ မှန်ထားတာရှိတယ်” လို့ ဒေ သခံတစ်ဦးကပြောပါတယ်။

ဖယ်ခုံမြို့နယ်၊ မိုးဗြဲတိုက်နယ်အတွင်းမှာ နှစ်ဖက်စစ်ရေးတင်းမာနေပြီး တိုက်ခိုက်မှုဖြစ်လေ့ရှိတဲ့ ကျေးရွာတွေကတော့ လက်ရှိအချိန်ထိ စစ်ဘေးတိမ်းရှောင်နေရဆဲဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကယား(ကရင်နီ)ပြည်နယ်နဲ့ ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေကြား တိုက်ပွဲပေါင်း ၅၀၇ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ၁,၆၁၈ ယောက် သေဆုံးကာ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ၁၈၃ ယောက် ကျဆုံးခဲ့ပါတယ်။

စစ်ပွဲရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကြောင့် အရပ်သား ၃၇၉ ယောက် သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ထိခိုက်ပျက်စီးတဲ့ ဘာသာရေးအဆောက်အဦ ၂၇ ခု၊ နေအိမ်ပေါင်း ၁,၂၄၇ အိမ် ရှိခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူအင်အားစုက နိုဝင်ဘာ ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

4 weeks Ago
More News
Up