နေမာ ဂျူနီယာ

February 15, 2020

ဂျေဒန်ဆန်ချိုက ထူးချွန်တဲ့ ကစားသမားတဦးပါ - နေမာ ဂျူနီယာ

ဒေါ့မွန်အသင်းရဲ့ အင်္ဂလန် တောင်ပံကစားသမား ဂျေဒန်ဆန်ချိုဟာ ထူးချွန်လွန်းတဲ့ ကစားသမားတဦး ဖြစ်ပြီးတော့ သူကစားတာကို စောင့်ကြည့်ရခြင်းအပေါ် နှစ်သက်မိတယ်လို့ နေမာက ပြောပါတယ်။ ဆန်ချိုဟာ ဥရောပရဲ့ အတောက်ပဆုံး လူငယ်ကြယ်ပွင့်ကစားသမားတွေထဲက တဦး ဖြစ်ပြီးတော့ နေမာရဲ့ ပီအက်စ်ဂျီအသင်းဟာ ဆန်ချိုရဲ့ ဒေါ့မွန်အသင်းနဲ့ လာမယ့်ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ တွေ့ဆုံမှာ ဖြစ်ပါတယ်။ ဆန်ချိုဟာ တကယ်ကို ထူးချွန်တဲ့ ကစားသမားကောင်းတယောက်ပါလို့ နေမာက ပြောလိုက်ပါတယ်။ “သေချာတာကတော့ ဒီပွဲဟာ ဘောလုံးအားကစားကို နှစ်သက်သူတွေအတွက် ကြီးကျယ်ခမ်းနားတဲ့ ပွဲစဉ်တခု ဖြစ်လာမှာပါ။ ကျနော်တို့ နှစ်သင်းစလုံးက တိုက်စစ် ကစားရတာကို နှစ်သက်ပြီးတော့ ကစားသမားကောင်းတွေ ရှိနေတဲ့ အသင်းတွေ ဖြစ်ပါတယ်။ ဒေါ့မွန်အသင်းဟာ ပွဲအဖြေကို ပြောင်းလဲပစ်နိုင်တဲ့ ကစားသမားတွေ အများကြီးရှိတဲ့ အသင်းဖြစ်ပြီးတော့ အဲဒီထဲကမှ ဂျေဒန်ကတော့ ကျနော် စောင့်ကြည့်ဖို့ နှစ်သက်တဲ့ ကစားသမားတဦး ဖြစ်ပါတယ်။ သူဟာ အရည်အသွေးကောင်းတွေ အများကြီးရှိတဲ့ ကြီးကျယ်ခမ်းနားတဲ့ ကစားသမားတဦးလည်း ဖြစ်ပါတယ်” လို့ နေမာက ပြောပါတယ်။  ဂျာမနီမြေမှာ ယှဉ်ပြိုင်ရတာ ဒေါ့မွန်အသင်းကို ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရမယ်ဆိုတာ သိရတယ်လို့ နေမာက ပြောပါတယ်။  “ကျနော်တို့ဟာ ဂျာမနီမြေမှာ အကောင်းဆုံး ကစားပြီးတော့ ပဲရစ်ဆီကို ကောင်းမွန်တဲ့ ရလဒ် ယူဆောင်သွားဖို့ မျှော်လင့်ထားပါတယ်။”  အသက် ၁၉ နှစ်အရွယ်သာ ရှိသေးတဲ့ ဆန်ချိုဟာ ဒေါ့မွန်အသင်းအတွက် အထူးခြေစွမ်းပြနေတဲ့ ကစားသမား ဖြစ်ပြီးတော့ ဒီရာသီအတွင်း လိဂ်ပွဲ ၁၉ ပွဲ ကစားကာ ၁၂ ဂိုးသွင်းပြီး ၁၃ ဂိုး ဖန်တီးပေးထားနိုင်ပါတယ်။ သူ့ကို လီဗာပူး၊ မန်စီးတီး၊ ချဲလ်ဆီးနဲ့ ယူနိုက်တက် စတဲ့ ပရီးမီးယားလိဂ်အသင်းကြီးတွေအပြင် ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ် စတဲ့ ဥရောပထိပ်သီးအသင်းတွေကလည်း စိတ်ဝင်စားလျက် ရှိပါတယ်။ ဒေါ့မွန်အသင်းက ဆန်ချိုအတွက် အနည်းဆုံး ပေါင်သန်း ၁၀‌၀ လောက် ဈေးခေါ်သွားဖို့ ရှိနေပြီး ဒီဈေးနှုန်းနဲ့ဆိုရင် အသင်းတော်တော်များများက သူ့ကို ခေါ်ယူဖို့ လက်တွန့်သွားနိုင်ခြေ ရှိနေပါတယ်။ ၂၀၁၇ ခုနှစ်မှာ မန်စီးတီးအသင်းကနေ ဒေါ့မွန်အသင်းကို ပြောင်းရွှေ့ခဲ့ပြီး လာမယ့်လမှာ အသက် ၂၀ ပြည့်မယ့် ဆန်ချိုဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်လိုတဲ့ ကစားသမားတဦး ဖြစ်ပြီး လက်ရှိအချိန်အထိ သူ့အနာဂတ်ကို ဆုံးဖြတ်ရခြင်း မရှိသေးပါဘူး။ ဒါ့ကြောင့် မန်စီးတီးအသင်းဟာ စာချုပ်အရ ဆန်ချိုရဲ့ အပြောင်းအရွှေ့အပေါ် သိရှိခွင့်ရှိနေပြီး ဒီအချက်အရ ဘွန်ဒက်စ်လီဂါအသင်းဟာ ဆန်ချိုကို ခေါ်ယူဖို့ တခြားအသင်းတွေက စုံစမ်းလာမယ်ဆိုရင် မန်စီးတီးအသင်းကို အသိပေးသွားရမှာ ဖြစ်ပါတယ်။
1 year Ago
Up