နေပြည်တော် အဆင့်မြင့်ပညာ

April 19, 2021

နေပြည်တော် အဆင့်မြင့်ပညာ ဦးစီးအရာရှိ ဇနီးမောင်နှံကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီး

အာဏာသိမ်းစစ်ကောင်စီအကြမ်းဖက်အဖွဲ့ကို အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုမှာပါဝင်တဲ့ နေပြည်တော်အဆင့်မြင့်ပညာ ဦးစီးဌာနမှ ဦးစီးအရာရှိ တစ်ဦးနဲ့ သူ့ရဲ့ ဇနီးဖြစ်သူတို့ကို ရဲနဲ့ စစ်တပ်က ဖမ်းဆီးပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်အရေးယူထားပါတယ်။

နေပြည်တော်အဆင့်မြင့်ပညာ ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရန်မျိုးအောင် စာရင်းကိုင်(ဘဏ္ဍာ)နဲ့ သူ့ရဲ့ဇနီး  နေပြည်တော်အဆင့်မြင့် ပညာဦးစီးဌာနမှ ဒေါ်ထွေးထွေးကျော်(စာရင်းကိုင်-၂) တို့ကို မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ စျေးချိုရပ်ကွက်မှာ ရောက်ရှိနေကြောင်းသတင်းရလို့ ဧပြီ ၁၆ ရက်မှာသွားရောက်  ဖမ်းဆီးရမိတာလို့  စစ်တပ်ပိုင် မီဒီယာက သတင်းထုတ်ပါတယ်။

သူတို့ နှစ်ဦးဟာ ကိုယ်တိုင် CDM လှုပ်ရှားမှုမှာ ပါဝင်နေသလို ငွေကြေးထောက်ပံ့ဖို့ လိုက်လံစည်းရုံးလှုံ့ဆော်တာ၊ CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဝန်ထမ်းတွေကို ငွေကြေးထောက်ပံ့ပေးတာနဲ့ လှုံ့ဆော်တာတွေ ဆောင်ရွက်ခဲ့တယ်လို့လည်း စစ်ကောင်စီသတင်းမှာ ဖော်ပြထားပါတယ်။

ဦးစီးအရာရှိ ဦးရန်မျိုးအောင်နဲ့ ဇနီးဖြစ်သူတို့ကို လတ်တလော ဘယ်မှာ ဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

3 weeks Ago
Up