နေပြည်တော် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ

July 27, 2021

နေပြည်တော် ကျောင်းသားများသမဂ္ဂစစ်ကြောင်း ဦးဆောင်သူကို စစ်ကောင်စီတပ်က ရိုက်နှက်ဖမ်းဆီး

နေပြည်တော်သပိတ်တိုက်ပွဲတွေမှာ နေပြည်တော်ကျောင်းသားများ သမဂ္ဂစစ်ကြောင်းရဲ့ ဦးဆောင်သူ ကိုကျော်ဘိုဘိုခန့်ကို ဇူလိုင် ၂၇ ရက်နေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

သူဟာ မိသားစုနဲ့ဝေးတဲ့ ပျဥ်းမနားက ဘုန်းကြီးကျောင်းမှာ တိမ်းရှောင်ခိုလှုံနေတာဖြစ်ပြီး နေမကောင်းဖြစ်နေတဲ့အချိန်မှာ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ရိုက်နှက်ဖမ်းဆီးသွားတာလို့ တက္ကသိုလ်ကျောင်းသားတစ်ဦးက ပြောပါတယ်။

"နာမည်နဲ့ လိပ်စာနဲ့ကို အတိအကျ လာဖမ်းတာ၊ ဒလန်ကောင်တွေရဲ့ လက်ချက်ကြောင့်ပဲ။ စစ်ကောင်စီကို တိုက်ထုတ်နေတဲ့ ကျောင်းသားတွေကို အခုလို ဦးတည်ပြီး ရက်ရက်စက်စက် ဖမ်းဆီးနေကြတယ်။ နေမကောင်းတာတောင် အလွန်အကျွံရိုက်ပြီး ဖမ်းတယ်။ တော်လှန်ရေးကာလဟာ ပြည်သူကို ပြည်သူချင်း ကာကွယ်ရမဲ့အချိန်ဖြစ်တယ်။” 

ဇူလိုင် ၂၇ ရက်နေ့ နေ့လယ် ၁ နာရီခွဲ သပိတ်စစ်ကြောင်းစဖို့ စီစဥ်ထားခဲ့ပေမယ့် ကိုကျော်ဘိုဘိုခန့် အခုလို အဖမ်းခံခဲ့ရတာကြောင့် သပိတ်စစ်ကြောင်းကို ရပ်နားလိုက်ရတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်အထိ ကိုကျော်ဘိုဘိုခန့်အား ဘယ်စခန်း၊ ဘယ်နေရာကို ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာ မသိရသေးပါဘူး။

ကိုကျော်ဘိုဘိုခန့်ဟာ ရမည်းသင်းနည်းပညာတက္ကသိုလ် ဒုတိယနှစ်ကျောင်းသားတစ်ဦးဖြစ်ပြီး သူအပါအဝင် ဖမ်းဆီးခံရတဲ့ နေပြည်တော်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ကျောင်းသား ငါးယောက် ရှိပြီလို့ သိရပါတယ်။ 

နွေလှိုင်း(YU)

4 months Ago
Up