နေပြည်တော်အဝင်အထွက်

A d v e r t i s e m e n t With Us

October 2, 2020

နေပြည်တော်အဝင်အထွက် ကုန်တင်ယာဉ်မောင်းများကို ကိုဗစ်-၁၉ ရှိ မရှိ အမြန်စစ်ဆေးနေ

အစိုးရရုံးစိုက်ရာ ပြည်ထောင်စုနယ်မြေ  နေပြည်တော်အဝင်အထွက် ကုန်တင်ကား မောင်း သမားတွေ ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ  Test Kits တွေနဲ့  အမြန်စစ်ဆေးပေးနေတယ်လို့ သိရပါတယ်။ ကိုဗစ်-၁၉ ရောဂါ ကင်းရှင်းကြောင်းထောက်ခံချက်လက်မှတ်မပါတဲ့ ကုန်တင်ကားတွေ အနေနဲ့ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ဖြတ်သန်းသွားလာခွင့် ရရှိတော့မှာ မဟုတ်ပါဘူး။ စက်တင်ဘာ ၁ ရက် ညပိုင်းထဲက နေပြည်တော် ကောင်စီတာဝန်ရှိသူတွေက နေပြည်တော် အဝင်တွေကို ပိတ်လိုက်တာဖြစ်ပြီး လက်ရှိမှာတော့ ကုန်ကားသမားတွေကို Test Kits တွေနဲ့ အမြန်စစ်ဆေးပေးဖို့ စီစဉ်နေတယ်လို့ ဒက္ခိဏသီရိခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်က ပြောပါတယ်။ ကိုဗစ်-၁၉ ကင်းရှင်းကြောင်းထောက်ခံချက်မပါတဲ့ ကုန်ကားတွေကတော့ နေပြည်တော် ဝင်ခွင့်ပိတ်လိုက်တဲ့အတွက် ကုန်ကားအစီးရေ ရာနဲ့ချီပြီး နေပြည်တော်အဝင် ရေနီမြို့မှာ ပိတ်မိနေခဲ့တာပါ။ ကုန်ကားသမားတွေကတော့ ဒီကြေညာချက်ကို ကြိုတင်မသိရှိခဲ့ရဘူးလို့ ကုန်တင်ယာဉ်မောင်း ကိုဘိုဘိုဦးက ပြောပါတယ်။ ကပ်ရောဂါဘေးကာလမှာ အခုလို ကုန်ကားတွေအမြောက်အများ မြို့ထဲမှာ ရပ်နေတဲ့ အတွက် စိုးရိမ်တဲ့အကြောင်း  ရေနီမြို့ခံတစ်ဦးဖြစ်တဲ့ အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး  ဦးမြင့်ဦး ပြောပါတယ်။ နေပြည်တော် အဝင် ရေနီဂိတ်မှာ ပိတ်မိနေတဲ့ ကုန်ကားတွေကို Test Kits နဲ့ စစ်ဆေးဖို့ပြုလုပ်နေရာမှာ လက်ရှိမှာတော့ ကားအစီးရေ ၈၃ စီးခန့်၊ လူ ၁၆၀ ကျော် လောက်ကို စစ်ဆေးဖို့ ရှိနေတာပါ။ ဒီကုန်ကားသမားတွေကို နေပြည်တော် တပ်ကုန်းရှိ ညောင်လွတ် ကျန်းမာရေးဌာနမှာ  စစ်ဆေးမှာဖြစ်ပြီး နေပြည်တော်ဒေသခံဖြစ်ပါက ကျပ်ငွေ ၃၀၀၀၀နဲ့ နေပြည်တော် ပြင်ပက ဖြစ်ပါက ကျပ်ငွေ ၅၀၀၀၀ ကျခံရမှာဖြစ်ပါတယ်။  အခုလို ကုန်တင်ကားတွေကို စစ်ဆေးတာဟာ နေပြည်တော်ဒေသတစ်ခုတည်း မဟုတ်ဘဲ တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာပါ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ သတင်း-ဖြိုးသက်ပိုင်မြင့်
5 months Ago

April 24, 2020

နေပြည်တော်အဝင်အထွက် အတားဆီးများကြောင့် တရားရုံးချုပ်ကိုလာရောက် အမှုကိစ္စဆောင်ရွက်သူများ အခက်ကြုံနေ

COVID-19 ရောဂါဖြစ်ပွားနေတဲ့ကာလအတွင်း ဝင်ထွက်ခွင့် တားဆီးမှုတွေ ရှိနေတာကြောင့် နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို လာပြီးအမှုတွဲ အယူခံ/ပြင်ဆင်ချက် လာတင်တဲ့ ရှေ့နေတွေအနေနဲ့ အခက်အခဲတွေရှိနေပါတယ်။ ဝင်ခွင့်အခက်အခဲဖြစ်နေတဲ့ ရှေ့နေတွေကို နေပြည်တော်ရှိ မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်း(ILAM)နဲ့ ဥပဒေအထောက် အကူပြုအဖွဲ့က ရှေ့နေတွေကနေ ကိုယ်စား ကူညီဆောင်ရွက်ပေးနေတယ်လို့ ILAM ရဲ့ အတွင်းရေးမှူး တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။ “ကျနော်တို့ နှစ်ခု ပေးစာလေးပို့ပြီးပြီ။ နိုင်ငံတော်သမ္မတဆီပို့တယ်၊ နောက်တခါ နိုင်ငံ အာဏာပိုင်အကုန်လုံးကို တခုပို့တယ်။ နိုင်ငံအာဏာပိုင်အကုန်လုံးကိုတော့ တရားစီရင်ရေးတင် မဟုတ်တော့ဘူးဗျ၊ ဒီအချိန်ကာလအတွင်းမှာ အပစ်အခတ်တွေ ရပ်စဲဖို့ကအစပေါ့ဗျာ။ နိုင်ငံတော် သမ္မတ ဆီကိုတော့ တရားစီရင်ရေး အခက်အခဲတွေကို သမ္မတအနေနဲ့ ဖြေရှင်းဖို့ အတွက်ပေါ့ အဲလိုပို့တာရှိတယ်။ ပြည်ထောင်စုတရားသူကြီးချုပ်ဆီကိုလည်း အကြံပြုလွှာတွေ ပို့ကြမှာပါ။ အဲအတွက် ပြင် ဆင်နေပါတယ် ” လို့ ဆိုပါတယ်။ တရားစီရင်ရေးတွေက ရပ်ထားလို့ မရသလို နိုင်ငံတကာမှာလည်း ဆောင်ရွက်နေကြတယ်လို့ ပြောပါတယ်။ သူတို့ရဲ့ ကူညီဆောင်ရွက်ပေးမှုက ရေတိုဆေးမြီးတိုသဘောမျိုးဖြစ်ပြီး ရေရှည်အဆင်ပြေနိုင်ဖို့ကတော့ တာဝန်ရှိသူတွေက ဆောင် ရွက်မှရမယ်လို့ ဆိုပါတယ်။ တရားလွှတ်တော် ရှေ့ နေ ဦးခင်မောင်ဇော်က“အဲတော့ သူတို့ လုပ်ပိုင်ခွင့်ရှိတယ်၊ လုပ်လည်းလုပ်ရမယ့် သူတို့တတွေပေါ့ တရား လွှတ်တော်ချုပ်ကလည်း တရားလွှတ်တော်ချုပ်အလျောက် ရဲရဲနည်းလမ်းရှာပြီးတော့ အုပ်ချုပ်ရေး အာဏာပိုင်နဲ့ ဘယ်လိုပေါင်းစပ်မလဲ အဲဒါလေးတွေလည်း ဆက်ပြီးဆွေးနွေးပါမယ်။ ကျနော်တို့ ကတော့ လတ်တလော ဖြေရှင်းချက်တစ်ခု ကူညီမယ်”လို့ ပြောပါတယ်။ လက်ရှိမှာ တရားရုံးအသီးသီးအနေနဲ့ အမှုစစ်ဆေးနေတဲ့နေရာမှာ အဆင်ပြေအောင် ဆောင်ရွက်နေကြပေမယ့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကနေပြီး အားလုံးအဆင်ပြေနိုင်မယ့် ညွှန်ကြားချက်ထုတ်သင့်သလို အခုလို ကပ်ဘေးအန္တရာယ်ဖြစ်နေတဲ့ကာလမှာ ၁၉၈၈ ခုနှစ် အထူးကာလစည်းကမ်းသတ်ဥပဒေကို ပြင်ဆင်သင့် မသင့် စဉ်းစားသင့်တယ် လို့ ဆိုပါတယ်။ “နောက် အခုအများထောက်ပြနေကြတဲ့ အထူးကာလစည်းကမ်းသတ်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေထုတ်သင့်သလား၊ ထုတ်သင့်တယ်ဆိုရင် အခုဟာက သမ္မတကလည်း ထုတ်ခွင့်မရှိဘူး၊ လွှတ်တော်မှ ထုတ်ခွင့်ရှိတယ် လွှတ်တော်က ရပ်နားထားတယ်။ အဲဒါကိုထုတ်ဖို့အတွက် တရားသူကြီးချုပ်က အဆိုပြုရမယ်။ အဲဒီအလုပ်တွေလုပ်ဖို့ အာဏာကြီး သုံးရပ်က ဦးစီး ဦးဆောင်ပုဂ္ဂိုလ်တွေ လုပ်ဖို့လိုမယ်လို့ ထင်တယ်။ ကျနော်တို့ရဲ့ ပင်တိုင်အားကိုးရာဖြစ်တဲ့ တရားသူကြီးချုပ်ကိုလည်း အဲဒါတွေ မေတ္တာရပ်ခံချင်တာတွေရှိတာပေါ့ဗျာ ” လို့ တရားလွှတ်တော် ရှေ့ နေ ဦးခင်မောင်ဇော်က ပြောပါတယ်။ အခက်အခဲဖြစ်နေတဲ့ ရှေ့နေတွေကိုယ်စား မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်း(နေပြည်တော်)နဲ့ဥပဒေအထောက် အကူပြုအဖွဲ့က ရှေ့နေတွေကနေ ကိုယ်စားသွားကူညီဆောင်ရွက်ပေးနေသလို ကာလစည်းကမ်းသတ်ကျော်လွန်မယ့် အခြေအနေရှိတဲ့ အယူခံ/ပြင်ဆင်ချက်အမှုတွေကိုလည်း နှစ်ရက်ကြိုပို့ပေးရင် ကိုယ်စား ကူညီဆောင်ရွက်ပေးနေ ပါတယ်။
11 months Ago
Up