နေပြည်တော်ဆေးရုံ

April 9, 2020

နေပြည်တော်ဆေးရုံ တက်နေသည့် ပညာရေးဌာန ဝန်ထမ်းတွင် COVID-19 ရောဂါ မတွေ့ 

နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံမှာ တက်ရောက် ဆေးကုသမှုခံယူနေတဲ့ ပညာရေးဌာနက  နေ့စားဝန်ထမ်းတဦးမှာ ဆေးစစ်ချက်အဖြေအရ COVID-19 ရောဂါမတွေ့ရဘူးလို့ သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက ပြောပါတယ်။  ပညာရေးဝန်ကြီးဌာနက အသက် ၆၅ နှစ်ရှိ နေ့စားဝန်ထမ်း အမျိုးသားတဦးဟာ ဇမ္ဗူသီရိမြို့နယ်ရှိ နေအိမ်မှာ နေထိုင်စဉ်အတွင်း ဧပြီ ၇ ရက် ည ၁၀ နာရီ ၅ မိနစ်အချိန်က ဖျားနာ ချောင်းဆိုးလာတဲ့အတွက် နေပြည်တော်၊ ခုတင် ၁၀၀၀ ဆေးရုံကြီး၊ အရေးပေါ်ဌာနကို ပို့ဆောင်ခဲ့ရတာပါ။ သူ့ရဲ့သမီး အသက် ၁၉ နှစ်ရှိသူဟာ ဧပြီလ ၄ ရက်ညနေက ရန်ကုန်မြို့မှ နေပြည်တော်သို့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ လူနာဖြစ်သူဟာ မူလကတည်းက အဆုတ်ရောင်ရောဂါရှိသူ ဖြစ်ပြီး  နေပြည်တော်ဆေးရုံရှိ အထူးကူးစက်ရောဂါကုသဆောင်မှာ ထားရှိ ကုသပေးနေတာ ဖြစ်ပါတယ်။ အဆိုပါလူနာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ရှိ၊ မရှိ အတိအကျ သိရှိရဖို့ အမျိုးသား ကျန်းမာရေးဓာတ်ခွဲဌာန ရန်ကုန်ကို ဓာတ်ခွဲနမူနာ Swab Test ကို ပေးပို့ထားရာမှာ  ဒီကနေ့ ညပိုင်းလောက်တော့ ဓာတ်ခွဲအဖြေအရ ရောဂါပိုးမရှိကြောင်း Negative အဖြေသိခဲ့ရတာပါ။ လက်ရှိကာလမှာတော့ ပညာရေးဝန်ကြီးဌာနအနေနဲ့ ရုံးလုပ်ငန်းတွေကို ဝန်ထမ်းအင်အား အနည်းဆုံး၊ Video Conferencing  နဲ့ အွန်လိုင်းတို့ကနေ အလုပ်မပျက် ဆောင်ရွက်နေကြောင်း ပညာရေးဝန်ကြီးဌာနက နိုင်ငံတော်သမ္မတရုံးကို တင်ပြထားပါတယ်။ ဒါပေမဲ့ စိတ်ချရအောင် ပညာရေးဌာနက မရှိမဖြစ် ဝန်ထမ်းကလွဲလို့ ကျန်တဲ့ ဝန်ထမ်းတွေကို Home Stay နေခိုင်းထားတယ်လို့လည်း သိရပါတယ်။
1 year Ago

March 26, 2020

ပြည်ပပြန် နိုင်ငံသားများကို နေပြည်တော်ဆေးရုံများတွင် ထားရှိ စောင့်ကြပ်ပေးနေ

COVID 19 ကူးစက်ပျံ့နှံ့မှာကို ကာကွယ်တဲ့အနေနဲ့ ပြည်ပနိုင်ငံတွေက ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂၆ ဦးကို နေပြည်တော်က ဆေးရုံတွေမှာ ထားရှိ စောင့်ကြပ်ပေးနေတယ်လို့ သိရပါတယ်။ "နယ်စပ်တွေမှာ ကြံခုတ် ဘာညာလုပ်တဲ့ သူတွေပေါ့။ ဒီပုဗ္ပသီရိမြို့နယ်ထဲမှာနေကြတဲ့ သူတွေပါပဲ။ သူတို့တွေက လူနာမဟုတ်ပါဘူး။ WHO ရဲ့ လမ်းညွှန်ချက်တွေ ကျနော်တို့ ကျန်မာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေကြောင့် ပြည်ပကပြန်လာလို့ ကျန်းမာရေးအရ စစ်ဆေး စောင့်ကြပ်ပေးတာပါ" လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဆွေက ပြောပါတယ်။ နေပြည်တော် ကောင်စီနယ်မြေအတွင်းမှာ ပြည်နိုင်ငံတွေက ပြန်လာတဲ့သူတွေကို သက်ဆိုင်ရာနယ်မြေ ဆေးရုံတွေမှာ ကျန်းမာရေးစောင့်ကြပ်မှုပေးနေပြီး ပုဗ္ပသီရိမြို့နယ်မှာ ၂၆ ဦး၊ ဇေယျာသီရိမြို့နယ်မှာ ၁၁ ဦး၊ ဒက္ခိဏ သီရိမြို့နယ်မှာ ၁၉ ဦးတို့ကို စောင့်ကြပ်ပေးနေတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာတော့ COVID 19 ရောဂါပိုးတွေ့ရှိသူ ၃ ဦး ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
1 year Ago
Up