နေပြည်တော်ကောင်စီနယ်မြေ

April 17, 2020

နေပြည်တော်ကောင်စီနယ်မြေတွင် အကျဉ်းသား ၅၀၀ ကျော် လွတ်ငြိမ်းချမ်းသာခွင့်ရ 

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အချုပ်ထောင်နဲ့ ကုန်ထုတ်စခန်းနှစ်ခုကနေ အကျဉ်းသား ၅၀၀ ကျော် ဒီကနေ့ သမ္မတရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာပါတယ်။  နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အချုပ်ထောင်ကနေ ၅၃ ဦး၊ တပ်ကုန်းမြို့နယ် ကင်းသာ(၁) ကုန်ထုတ်စခန်း ကနေ ၂၁၉ ဦး၊ ကင်းသာ(၂) ကုန်ထုတ်စခန်းကနေ ၂၅၄ ဦး စုစုပေါင်း ၅၂၆ ဦး တို့လည်း လွတ်ငြိမ်းခွင့်ရခဲ့တာဖြစ်ပါတယ်။ ကင်းသာ(၁) ကုန်ထုတ်စခန်းက ထောင်မှူး ဦးဌေးလွင်ထွန်းက “သီးခြားနာမည်နဲ့ လွှတ်ခိုင်းတဲ့သူလည်းရှိပါတယ်။ လွှတ်ခိုင်းတဲ့သူရှိဆိုတာက နိုင်ငံခြားသားတွေလည်း ပါတာပေါ့။ ကျနော်တို့ဆီမှာ တပ်မတော်မှာတာဝန်ထမ်းဆောင်ပြီးတော့ လွှတ်နီးကြီးတွေကို သီးခြားနာမည်ပေးပြီးလွှတ်ခိုင်းတာရှိပါတယ်။ တစ်ခုကတော့ မူးယစ်ဆေးဝါးအမှုတွေကို အားလုံးကို လွှတ်ပေးပါတယ်။ အဲမှာမှ မူးယစ်ဆေးဝါးမှုနဲ့ အခြားအမှုနဲ့တွဲပြီး ကျတဲ့သူတွေရှိပါတယ်။ အဲဒီအမှုတွေကိုကျတော့ မူးယစ်ဆေးဝါးအမှုကို အရှင်းလွှတ်လိုက်ပြီးတော့မှ ကျန်တဲ့တွဲလာတဲ့ အခြားအမှုကို လေးပုံတစ်ပုံ လျှော့ရက်ပေးပြီးတော့ သူတို့ရဲ့ အရင်ရထားတဲ့ လျှော့ရက်နဲ့ပေါင်းပြီး လွတ်မြောက်မယ့်စာရင်း ထဲမှာဝင်တယ်ဆိုရင် လွှတ်ပေးပါတယ်။” လွတ်မြောက်မယ့် အကျဉ်းသားတစ်ဦးချင်းကိုလည်း COVID-19 ရောဂါလက္ခဏာ ရှိ မရှိ စစ်ဆေးပေးထားသလို ဒီနေ့ လွှတ်ပေးတဲ့အချိန်မှာလည်း တပ်မတော်ဆေး သုတေသနအဖွဲ့ကလည်း ဆေးစစ်ဆေးပြီး  အသိပညာပေးဟောပြောခဲ့ပါတယ်။ ဒါအပြင် လွတ်မြောက်မယ့်အကျဉ်းသားတွေကိုလည်း အိမ်အရောက် ကားနဲ့ ပို့ဆောင်ပေးမှာလည်း ဖြစ်ပါတယ်။ “ ဒီကာလဖြစ်တဲ့အတွက်ကြောင့် lockdown ချတဲ့နေရာတွေလည်း ရှိတယ်။ အသွားအလာ ကန့်သတ်တဲ့နေရာတွေလည်းရှိတာဖြစ်တဲ့အတွက်ကြောင့် သွားမယ့်နေရာတွေကို စုစည်းပြီး ပို့ပေးမှာပါ။ ပို့တဲ့နေရာမှာ လက်ခံတဲ့နေရာမှာရှိတဲ့ ဒေသဆိုင်ရာအာဏာပိုင်တို့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့အပြင် သူတို့ သွားမယ့်နေရာက ပြည်သူတွေ နားလည်အောင် ရှင်းပြဖို့ လည်း နိုင်ငံတော်က စီစဉ်ပေးထားပြီးဖြစ်ပါတယ် ” လို့ ထောင်မှူးက ပြောပါတယ်။ လွတ်မြောက်မယ့်သူတွေအတွက် ခရီးစရိတ်၊ စားစရိတ်အပြင် ကုန်ထုတ်စခန်းတွေက သူတွေဆိုရင် ပြစ်ဒဏ်ကျခံနေရတဲ့ ကာလအတွင်း အလုပ်ဆင်းတဲ့ရက်တွေအတွက် တစ်ရက်ကို ၂၅၀ ကျပ်နှုန်းနဲ့ တွက်ပြီး ပေးလိုက်မယ်လို့ သိရပါတယ်။ မြန်မာနှစ်သစ်ကူးနေ့မှာ  အကျဉ်းထောင်နဲ့ အကျဉ်းစခန်းအသီးသီးက အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၂၄၈၉၆ ဦးကို စည်းကမ်းသတ်မှတ်ချက်မထားဘဲ သမ္မတက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်တာ ဖြစ်ပါတယ်။
1 year Ago

April 1, 2020

COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ တပ်မတော်က ကူညီဆောင်ရွက်ပေးနေ

တပ်မတော်အနေနဲ့ လက်ရှိမှာ COVID-19 နဲ့ ပတ်သက်လို့ ပိုးသတ်ဆေးဖြန်းတာ၊ အသိပညာပေးဆွေးနွေးတာ၊ ဆေးစစ်ပေးတာတွေကို နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ စာသင်တိုက်တွေ၊ ဘာသာရေးဆိုင်ရာကျောင်းတွေမှာ လိုက်လံ ဆောင်ရွက်ပေးနေတယ်လို့ နေပြည်တော် စစ်တိုင်းမှူးက ပြောပါတယ်။  နေပြည်တော်တိုင်းစစ်ဌာနချုပ်ကနေ ဒီနေ့ ဧပြီ ၁ ရက်မှာ ပျဉ်းမနားမြို့နယ်အတွင်းက ဘုန်းကြီးကျောင်းတစ်ကျောင်းနဲ့ ဟိန္ဒူဘုရားကျောင်းတစ်ကျောင်းတို့ကို ပိုးသတ်ဆေးဖြန်းတာ၊ အသိပညာပေးဆွေးနွေးတာ၊ ဆေးစစ်ပေးတာတွေကို ဆောင်ရွက်ပေးခဲ့ပါတယ်။ COVID-19နဲ့ပတ်သက်လို့ အန္တရာယ်ရှိလာနိုင်တယ်လို့ မျှော်မှန်းထားတဲ့အတွက် ကြိုတင်ကာကွယ်ရေးတွေကို တတ်နိုင်တဲ့ ဘက်ကနေ လိုက်လံဆောင်ရွက်နေတာဖြစ်သလို တပ်မတော်အနေနဲ့ အားလုံးနဲ့ တသားထဲရှိတယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်နေတာလို့ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်က ပြောပါတယ်။  “တပ်မတော်အနေနဲ့ ကုသရေးအတွက် လိုအပ်လာပြီဆိုရင် ကုသရေးအသင်းတွေလည်း ဖွဲ့စည်းထားတယ်။ အဲဒါတွေနဲ့ ပေါင်းစပ်ပြီး လိုအပ်တဲ့အချိန်မှာ ဝိုင်းဝန်းကူညီ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နေပြည်တော်တိုင်းအနေနဲ့ဆိုရင်တော့ အခုလက်ရှိကတော့ ကာကွယ်ရေး အခြေအနေပဲ ဆောင်ရွက်ပေးနေဆဲဖြစ်ပါတယ်” ဒါ့အပြင် Quarantine အတွက် လိုအပ်လာရင် အသုံးပြုနိုင်ဖို့ နေပြည်တော်ရှိ စစ်ကြောရေးနဲ့ တည်းခိုရေး အမှတ် (၃) စခန်းမှာ လူဦးရေ ၁၅၀၀၀ ဦးခန့်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားတယ်လို့လည်းဆိုပါတယ်။ “အဲဒီမှာစားရေးသောက်ရေးကအစ တပ်မတော်ကနေ လိုအပ်တဲ့ဟာတွေ ကူညီပေးဖို့ ပြင်ဆင်ထားပါတယ်။ ချက်ပြုတ်ရေးအဖွဲ့တွေလည်း ဖွဲ့စည်းဆောင်ရွက်ပြီး ဖြစ်ပါတယ်။ သန့်ရှင်းရေးတွေ၊ နောက် အိပ်ယာ၊ စောင်၊ ခြင်တောင်ကအစ ပြင် ဆင်ဆောင်ရွက်ပြီးဖြစ်ပါတယ် ” လို့ တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်က ပြောပါတယ်။ တိုင်းစစ်ဌာနချုပ်အနေနဲ့ တိုင်းအလိုက် သတ်မှတ်ပေးထားတဲ့ စည်းရုံးရေး နယ်မြေလေးတွေမှာ ကျေးရွာအဆင့်၊ ရပ်ကွက်အဆင့် အပိုင်းအလိုက်ဆောင်ရွက်နေသလို ကြီးတဲ့ အဆောက်အအုံတွေ၊ စာသင်တိုက်တွေကို ဦးစားပေးဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့လည်း နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာ ၁ နဲ့  ပုဗ္ဗသီရိ၊ ဇေယျာသီရိ၊ ဥတ္တရသီရိ၊ ဇမ္ဗူသီရိရှိ ကုတင် ၅၀ ဆေးရုံတွေမှာလည်း Quarantine ထားရှိသူတွေကို စောင့်ကြည့်နေတာတွေ့ရပါတယ်။ တပ်မတော်အနေနဲ့ လူမျိုးရေး၊ ဘာသာရေး ကွဲပြားမှုမရှိဘဲ အားလုံး တတန်းတစားထဲပဲ သတ်မှတ်ထားပြီး ဘာသာရေးဆိုင်ရာနေရာတွေ အားလုံး မလစ်လပ်မကျန်ရှိအောင် သွားရောက်အားပေး လှူဒါန်းစရာရှိတာတွေလည်း လှူဒါန်းသွားမယ်လို့ နေပြည်တော် တိုင်းမှူးက ပြောပါတယ်။  
1 year Ago
Up