နေထိုင်ခွင့်

May 27, 2021

ဗီဇာသက်တမ်းကုန် ဂျပန်ရောက်မြန်မာနိုင်ငံသားများကို ဆက်လက်နေထိုင်ခွင့်ပေးမည်

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုအပြီး နိုင်ငံရေးအခြေအနေတွေ ဆိုးရွားမှုကြောင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေကို ဗီဇာသက်တမ်း ကုန်ဆုံးသွားရင်တောင် ဂျပန်မှာ တရားဝင်နေထိုင်ခွင့် ပေးသွားမယ်လို့ Nikkei Asia သတင်းမှာ ဖော်ပြထားပါတယ်။

ဒီကင်းလွတ်ခွင့်ဟာ မြန်မာနိုင်ငံကို ပြန်ဖို့ အခက်အခဲရှိနေတဲ့ ကျောင်းသားတွေနဲ့ နည်းပညာဆိုင်ရာ အလုပ်သင်တွေ လျှောက်ထားလို့ရပါတယ်။ 

မေလ ၂၅ ရက်က ဂျပန်လူဝင်မှုကြီးကြပ်ရေးဌာနကနေ ဥပဒေပြုအမတ်တွေဆီ တင်ပြပေးပို့ ထားတဲ့ အစီအစဉ်အရ သူတို့ဟာ ဂျပန်နိုင်ငံမှာ နောက်ထပ် ၆ လ သို့မဟုတ် ၁၂ လကြာ ကျောင်းတက်ဖို့ ဒါမှမဟုတ် အလုပ်လုပ်ဖို့ ရွေးချယ်နိုင်ပါတယ်။

တကယ်လို့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေမှာ တိုးတက်မှုမရှိရင် သူတို့တွေဟာ နောက်ထပ် သက်တမ်းတိုးဖို့ လျှောက်ထားနိုင်တယ်လို့လည်း ဆိုပါတယ်။ 

ဂျပန်နိုင်ငံဟာ ဒုက္ခသည်တွေအတွက် စိစစ်ရေးလုပ်ငန်းစဉ်ကို အရှိန်မြှင့်တင်သွားမှာဖြစ်ပြီး မြန်မာနိုင်ငံမှ လျှောက်ထားသူတွေကတော့ အဲ့ဒီအခြေအနေတွေ မလိုပဲ ဂျပန်မှာ နေထိုင်၊ အလုပ်လုပ်ခွင့် ပေးသွားမှာဖြစ်တယ် လို့ Nikkei Asia မှာ ရေးပါတယ်။ 

ဒါ့အပြင် မြန်မာစစ်ကောင်စီဟာ ဒီမိုကရေစီ လိုလားတဲ့ ဆန္ဒပြသူတွေကို စစ်တပ်ရဲ့နှိမ်နင်းမှုအပေါ် ဆန့်ကျင်ကန့်ကွက်ကြောင်း ထုတ်ဖော်ရှုတ်ချတဲ့ တိုကျိုရှိ မြန်မာသံရုံးက သံတမန် ၂ ဦးကို ရာထူးကနေ ထုတ်ပယ်ခဲ့ပါသေးတယ်။ 

ဂျပန်အစိုးရက အဲ့ဒီလို အရည်အချင်းမြင့် ကျွမ်းကျင်ပညာတတ်တွေလို သံတမန်တွေကို ဗီဇာပေးဖို့ ရည်ရွယ်ထားပါတယ်။

၂၀၂၀ ပြည်နှစ်အကုန်မှာ ဂျပန်မှာနေထိုင်တဲ့ မြန်မာနိုင်ငံသား ၃၅၀၄၉ ဦး ရှိတယ်လို့ လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။ မတ်လကုန်မှာ နိုင်ငံရေးခိုလှုံခွင့် တောင်းခံသူ စုစုပေါင်း ၂,၉၄၄ ဦး ရှိပါတယ်။ 

6 months Ago
Up