နေတန်ယာဟု

May 18, 2020

အစ္စရေးဝန်ကြီးချုပ်၏ အစိုးရသစ်ကို လွှတ်တော်အတည်ပြု

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုရဲ့ ညီညွတ်ရေးအစိုးရသစ်ကို လွှတ်တော်က မေလ ၁၇ ရက်မှာ အတည်ပြုပေးလိုက်ပါတယ်။ အချိန် ၁ နှစ်ကျော်ကြာ နိုင်ငံရေးအကြပ်ရိုက်မှု အဆုံးသတ်ခဲ့ပေမယ့် ဝန်ကြီးချုပ်ကတော့ အဂတိလိုက်စားမှု စွဲချက်အတွက် လာမယ့်သီတင်းပတ်ကစပြီး အမှုရင်ဆိုင်ရမှာပါ။  ပြိုင်ဘက်ဟောင်း ဗဟိုဝါဒီ ခေါင်းဆောင် ဘန်နီဂန့်ဇ် နဲ့ အာဏာခွဲဝေယူဖို့ နေတန်ယာဟုရဲ့ ဆုံးဖြတ်ချက်ဟာ သိမ်းပိုက်ခံ အနောက်ဘက်ကမ်းဒေသ အစိတ်အပိုင်းတွေကို အစ္စရေး ပိုင်နက် အဖြစ် သွတ်သွင်းမယ့် ကတိအတွက် ရှေ့တိုးဆောင်ရွက်ဖို့ လမ်းပွင့်သွားစေပါတယ်။  ရွေးကောက်ပွဲအပြီးမှာ နေတန်ယာဟုဟာ ဝန်ကြီးချုပ်အဖြစ် ၁၈ လ ဆက်ရှိနေမှာဖြစ်ပြီး သူ့ မိတ်ဖက်သစ်ဆီ ရာထူး လွှဲပေးမှာပါ။ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဂန့်ဇ်ကတော့ နေတန်ယာဟုရဲ့ ကာကွယ်ရေးဝန်ကြီး ဖြစ်လာမှာ ဖြစ်ပြီး အလှည့်ကျ ဝန်ကြီးချုပ်လည်း ဖြစ်လာမှာပါ။   ရာဇဝတ်မှုနဲ့ တရားစီရင်ခံရရင်တောင် ဝန်ကြီးချုပ် ဆက်ဖြစ်နေခွင့်ပြုမယ့် တရားဝင် စည်းမျဉ်းတွေအောက်မှာ ရာထူးက နုတ်ထွက်ရတဲ့အဖြစ်မျိုးကို ရှောင်ဖို့ နေတန်ယာဟုက မျှော်လင့်နေတယ်လို့ ရိုက်တာသတင်းဌာနက ရေးပါတယ်။  အစ္စရေးရဲ့ သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ် နေတန်ယာဟုဟာ ၁၉၉၆ ခုနှစ်တည်းက အာဏာရပြီး သက်တမ်း ၃ ဆက် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။  အစိုးရအဖွဲ့သစ်မှာ ဝန်ကြီး ၃၆ ယောက်ထိ စံချိန်တင် ရှိလာမှာဖြစ်ပြီး နေတန်ယာဟုနဲ့ ဂန့်ဇ်တို့ ၂ ယောက်စလုံးရဲ့ အဖွဲ့ဝင်တွေ အစိုးရအဖွဲ့ထဲ ပါရှိစေဖို့ ဝန်ကြီးနေရာအသစ်တွေ အတော်များများကို ဖန်တီးခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ 
2 years Ago

May 8, 2020

အစ္စရေးတရားရုံးချုပ်က နေတန်ယာဟုကို အစိုးရဖွဲ့ခွင့်ပြု

အကျင့်ပျက်ခြစားမှု စွဲချက်တွေ ရှိနေပေမယ့် နေတန်ယာဟုကို အစ္စရေးတရားရုံးချုပ်က မေလ ၆  ရက်မှာ အစိုးရဖွဲ့ခွင့်ပြုလိုက်ပါတယ်။  ရွေးကောက်ပွဲပြိုင်ဘက် ဘင်နီဂတ်ဇ်နဲ့ နေတန်ယာဟုရဲ့ ညွန့်ပေါင်းအစိုးရ သဘောတူညီမှု ယူခဲ့တာက ဥပဒေကို မချိုးဖောက်ဘူးဆိုပြိး  တရားရုံးချုပ်က  အတိုက်အခံတွေရဲ့ အသနားခံလွှာကို ဆန့်ကျင်ဆုံးဖြတ်ခဲ့ပါတယ်။   ညွန့်ပေါင်းအစိုးရက နေတန်ဉာဟုကို  အကျင့်ပျက်ခြစားမှု ရုံးတင်စစ်ဆေးမခံရအောင် တရားမဝင် ကာကွယ်ပေးတယ်ဆိုတဲ့ လျှောက်လဲချက်တွေကို တရားရုံးချုပ်က ပလပ်ခဲ့ပါတယ်။  တရားရုံးချုပ် ဆုံးဖြတ်ချက်က  လာမယ့်သီတင်းပတ်မှာ ကျမ်းသစ္စာဆိုကြမယ့် ညွန့်ပေါင်း အစိုးရအတွက် ဥပဒေပိုင်း အတားအဆီးကို ဖယ်ရှားပစ်လိုက်တာပါ။   ဒီဆုံးဖြတ်ချက်က  ကိုရိုနာဗိုင်းရပ်စ် ပြဿနာ၊   စီးပွားရေးအကျပ်အတည်းနဲ့ ရုန်းကန်နေရတဲ့ အစ္စရေးနိုင်ငံရေး နောက်မဆုတ်သာ အခြေအနေကိုလည်း ပြီးဆုံးသွားစေပါတယ်။  ပြီးခဲ့တဲ့ ဇန်နဝါရီလက အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကို လာဘ်ပေးလာဘ်ယူမှု၊ လိမ်လည်မှုနဲ့ ယုံကြည်မှု ဖောက်ဖျက်မှု စတဲ့  စွဲချက်တွေနဲ့ စွဲချက်တင်ခဲ့ပြီး  နေတန်ယာဟုကတော့  စွဲချက်အားလုံးကို ငြင်းဆိုခဲ့ပါတယ်။ 
2 years Ago
More News
Up