နေတန်ယာ

March 3, 2020

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု ရွေးကောက်ပွဲ အနိုင်ရကြောင်း ကြေညာ

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုဟာ ကျင်းပနေဆဲ အစ္စရေး ရွေးကောက်ပွဲမှာ အဓိကပြိုင်ဘက်ဖြစ်တဲ့ ဗဟိုဝါဒီပါတီ Blue and Whiteပါတီက ကာကွယ်ရေးဦးစီးချုပ်ဟောင်း  ဘင်နီဂန့်ဇ်ကို အနိုင်ရခဲ့ပြီလို့ မတ်လ ၃ ရက်က ကြေညာပါတယ်။  အစ္စရေးရဲ့ အဓိကရုပ်သံလိုင်း သုံးခုက ထုတ်ပြန်တဲ့ မဲရလဒ်တွေအရ လက်ယာယိမ်း လစ်ကွတ်ပါတီ အကြီးအကဲ နေတန်ယာဟုဟာ ရွေးကောက်ပွဲ အနိုင်ရခဲ့ပေမယ့် ပါလီမန်မှာ အမတ်နေရာ အများစု ဖြစ်ဖို့ ၂ နေရာ လိုနေပါတယ်။ ဒါ့ကြောင့်  လက်ရှိဝန်ကြီးချုပ်အနေနဲ့ ပါလီမန်ကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားရဦးမှာပါ။ ပြီးခဲ့တဲ့ ဧပြီနဲ့ စက်တင်ဘာ ရွေးကောက်ပွဲတွေမှာ မဲရလဒ် မရေမရာဖြစ်ခဲ့ပြီးနောက် တနှစ်အတွင်း သုံးကြိမ်မြောက် ဖြစ်လာခဲ့တဲ့ ဒီရွေးကောက်ပွဲမှာ လက်ရှိဝန်ကြီးချုပ် နေတန်ယာဟုဟာ အစ္စရေးရဲ့ သက်တမ်းအရှည်ဆုံး ခေါင်းဆောင်တဦး ဖြစ်လာမလားဆိုတာ အစစ်ဆေးခံရတော့မှာပါ။ နေတန်ယာဟုဟာ  အကျင့်ပျက် ခြစားမှု စွဲချက်ကို တရားရုံးမှာ ရင်ဆိုင်ရဖို့ ရှိနေချိန်မှာပဲ ရွေးကောက်ပွဲ အနိုင်ရခဲ့တာပါ။ ဝန်ကြီးချုပ်ဟာ လက်ရှိမှာ အစ္စရေးမီဒီယာသူဌေးတွေကို ဒေါ်လာသန်းနဲ့ချီတဲ့ အစိုးရ အထောက်အပံ့တွေ မျက်နှာလိုက် ပေးအပ်ခဲ့တယ်၊ လက်ဆောင်ပဏ္ဏာတွေ ရယူခဲ့တယ်ဆိုတဲ့ စွဲချက်တွေကြောင့် ယုံကြည်မှုဖောက်ဖျက်မှု၊ လာဘ်ယူမှုတွေနဲ့ တရားရင်ဆိုင်နေရတာပါ။  ကနဦး တရားရုံး ကြားနာမှုကိုတော့ လာမယ့် မတ် ၇ ရက်နေ့မှာ လုပ်ဖို့ရှိပါတယ်။ ကြားနာမှုကို နေတန်ယာဟု တက်ရောက်နားထောင်ဖို့ မျှော်လင့်ကြောင်း တရားရုံးက ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။
1 year Ago
Up