နေကြာစိုက်

October 23, 2021

ရွှေကျင်မြို့က တောင်သူများကို နေကြာစိုက်ရန် စစ်ကောင်စီ ဖိအား​ပေး

ပဲခူးတိုင်း ရွှေကျင်မြို့နယ်က တောင်သူတွေကို စစ်ကောင်စီက နေကြာတွေ စိုက်​ကြဖို့ ဖိအား​ပေး နေတယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။

ရွှေကျင်မြို့​ တောင်ဘက်​ခြမ်းက​ ကျေးရွာ​တွေအ​ပြင် ​သောင်လယ်ကျေးရွာနဲ့ အနောက်ဘက် ကျေးရွာတွေက ​ဆောင်းသီးနှံစိုက်တောင်သူတွေကို နေကြာအစားထိုးစိုက်ဖို့ ဖိအား​ပေးနေ တာဖြစ်ပါတယ်။

ဒီနှစ် နေကြာစိုက်ဖို့  နေကြာမျိုးစေ့ကို မြို့နယ်ရုံးမှာ ​တောင်သူ​တွေကို လာရောက်ထုတ်ယူ ခိုင်းနေတယ်လို့ တောင်သူတစ်ဦးက ပြောပါတယ်။

နေကြာမျိုးစေ့ကို ထုတ်ဖို့ မြို့နယ်ရုံးကို ခေါ်ထားတာကြောင့် တချို့တောင်သူတွေက မယူချင်​ပေမဲ့ ကြောက်လန့်တာကြောင့် ​သွားယူ​နေ​ကြရ​ပြီး မယူဘဲ တင်းခံနေကြတဲ့ ​တောင်သူတွေလည်းရှိတယ်လို့ ဆိုပါတယ်။

တောင်သူတစ်ဦးက “အနောက်ဘက်ရွာက တောင်သူ တော်တော်များများ သွားမယူကြဘူး။ ကိုယ့်ယာထဲ ကိုယ်စိုက်ချင်ရာ စိုက်မှာပေါ့။ ကိုယ့်မြေကိုယ့်ရေနဲ့ ကိုက်ညီတာ စိုက်မှ ရမှာ​လေ။  ဒါကို နေကြာစိုက်ကို စိုက်ရမယ်ဆိုပြီ အတင်းစိုက်ခိုင်း​နေတာကတော့ ​တောင်သူ​တွေအ​ပေါ် အနိုင်ကျင့်နေတာပဲ” လို့ ပြောပါတယ်။

​ရွှေကျင်မြို့ဟာ စစ်တောင်းမြစ်ဝှမ်းဒေသဖြစ်တာကြောင့် ​ ​မြေပဲ၊ သခွါး၊ ဖရဲနဲ့ ဆောင်းသီးနှံ​တွေကို သာ အဓိကထား စိုက်ပျိုးကြတာ​ဖြစ်​ပြီ နေကြာစိုက်ပျိုးတဲ့ အလေ့အထနည်းပါး​တဲ့ ​ဒေသ တစ်ခုလည်း​ဖြစ်ပါတယ်။

ရွှေကျင်မြို့မှာ မတ်ပဲစိုက်ဧက နှစ်သောင်း​ကျော်၊ ပဲဖြူလေး နှစ်သောင်းကျော်၊ အခြားပဲ၊ သခွါးနဲ့ ဖရဲ စိုက်ဧကပေါင်း တစ်သောင်း စုစုပေါင်း စိုက်ဧက ငါး​သောင်း​ကျော်ရှိတယ်လို့ သိရပါတယ်။

3 months Ago
Up