နုတ်ထွက်စာတင်

December 15, 2020

ထန်တလန်မြို့နယ် အန်အယ်လ်ဒီ ဥက္ကဋ္ဌ နုတ်ထွက်စာတင်

ကုမ္ပဏီ‌‌တွေကို တင်ဒါထောက်ခံပေးခဲ့တဲ့ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  ဥက္ကဋ္ဌ နုတ်ထွက်စာတင်ထားတယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကပြောပါတယ်။ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီ ပါတီအောင်နိုင်ရေးဝန်းရံကူညီခဲ့တဲ့ ကုမ္ပဏီ‌တွေကို တင်ဒါထောက်ခံချက်ပေးတဲ့ ထန်တလန်မြို့နယ် အန်အယ်လ်ဒီ ဥက္ကဋ္ဌ  ပူးစီဇာကျုံးရဲ့   စာတစ်စောင်ဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပြီးနောက်ပိုင်းမှာပဲ ပါတီစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က စစ်ဆေး ဆောင်ရွက်ခဲ့ပါတယ်။ လက်ရှိမှာတော့ အဲဒီကိစ္စမှာ သူ့အနေနဲ့ တာဝန်ရှိတာကြောင့် နုတ်ထွက်စာ တင်လာတာ ဖြစ်တယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကပြောပါတယ်။ "အဲဒီစာနဲ့ပတ်သက်ပြီးတော့ သူ့မှာတာဝန်ရှိတယ်ဆိုပြီးတော့ နုတ်ထွက်တာပါ။ ကျနော်တို့ စည်းကမ်းထိန်းက စိစစ်ထားတာလည်းရှိတယ်။ နောက်သူ့ရဲ့ နုတ်ထွက်စာလည်းရှိတယ်။ နောက်ပြီးတော့ တိုင်းရင်းသားနယ်မြေတွေဖြစ်တဲ့အတွက် နိုင်ငံရေးအခြေအနေတွေပါ ထည့်သွင်း စဉ်းစားနေတယ်။ ဒါကြောင့် လောလောဆယ်မှာ ဒီအပေါ်မှာ အဆုံးအဖြတ်မပေးသေးဘဲနဲ့ စိစစ်ဆဲဖြစ်ပါတယ်" ထန်တလန် အန်အယ်လ်ဒီ ဥက္ကဋ္ဌ ပူးစီဇာကျုံးဟာ လာမယ့်လွှတ်တော်သက်တမ်းအတွက် ထန်တလန်မြို့နယ်  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံထားရသူလည်း ဖြစ်ပါတယ်။
6 months Ago

April 8, 2020

ကိုရိုနာဗိုင်းရပ်စ် ပြဿနာကြောင့် အမေရိကန် ယာယီရေတပ်ဝန်ကြီး နုတ်ထွက်စာတင်

လေယာဉ်တင်သင်္ဘောကြီးပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားတဲ့ပြဿနာကို ဖြေရှင်းရာမှာ   ဝေဖန်မှုတွေ ကြုံတွေ့ပြီးနောက် အမေရိကန် ယာယီရေတပ်ဝန်ကြီး သောမတ်စ်မိုလီဟာ နုတ်ထွက်စာတင်ခဲ့တယ်လို့ တာဝန်ရှိသူက ပြောလိုက်ပါတယ်။ ယာယီရေတပ်ဝန်ကြီးရဲ့ နုတ်ထွက်စာကို ကာကွယ်ရေးဝန်ကြီး မာ့ခ်အက်စ်ပါ လက်ခံ၊ မခံကိုတော့ သဲသဲကွဲကွဲ မသိရသေးပါဘူး။ ကွန်ဂရက်လွှတ်တော်မှာ ဒီမိုကရက်တွေက ယာယီရေတပ်ဝန်ကြီး မိုလီအပေါ် ယုံကြည်မှု  မရှိကြောင်း ပြောဆိုပြီး သူ့ကို ရာထူးက ဖယ်ရှားဖို့ တောင်းဆိုပြီးနောက်မှာ မိုလီက နုတ်ထွက်စာ တင်ခဲ့တာပဲ ဖြစ်ပါတယ်။ မိုလီရဲ့ နုတ်ထွက်စာနဲ့ပတ်သက်လို့ ကာကွယ်ရေးဝန်ကြီးရုံးနဲ့ ရေတပ်က တစုံတရာ ပြောကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။ ယူအက်စ်အက်စ်သီအိုဒိုရုစဗဲ့သင်္ဘောကြီးပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သင်္ဘောကပ္ပတိန်ကို တာဝန်က ရပ်စဲတယ်လို့  မိုလီဟာ ကြေညာခဲ့ပါတယ်။
1 year Ago
Up