နီပေါနိုင်ငံမှာ ရေကြီးနေတဲ့ ဆဖာရီဥယျာဉ်ထဲက ရာနဲ့ချီတဲ့ ကမ္ဘာလှည့်ခရီးသည်တွေကို ကယ်ဆယ်ရေး ဆင်တွေနဲ့ ကူညီခဲ့တယ်လို့ နီပေါအရာရှိတွေက သြဂုတ် ၁၄ ရက်နေ့မှာ ပြောပါတယ်။
မြို့တော် ခတ္တမန္ဒူရဲ့ တောင်ဘက် မိုင် ၅၀ အကွာက ဆောင်ရာဟာမြို့မှာ ရတ်ပ်တီမြစ်ရေက ကမ်းပါးတွေကို ကျော်လွန်လျှံကျခဲ့ပြီး ကမ္ဘာလှည့်ခရီးသည် အယောက် ၆၀၀ လောက် သောင်တင်နေခဲ့ပါတယ်။
နီပေါနိုင်ငံ တောင်ပိုင်းလွင်ပြင်တွေက လယ်မြေတွေ ရေအောက်မြုပ်နေတာကို သြဂုတ် ၁၄ ရက်နေ့က တွေ့ရပါတယ်။ မိုးသည်းထန်လို့ ရုတ်တရက် ရေကြီးခဲ့တဲ့အတွက် အပျက်အစီး များခဲ့ပါတယ်။
ကောက်ပဲသီးနှံ ဆုံးရှုံးမှုကြောင့် စားနပ်ရိက္ခာ ပြတ်လပ်မှုကို ရင်ဆိုင်ရနိုင်တယ်လို့ အကူအညီပေးရေး လုပ်သားတွေက ပြောပါတယ်။
အိန္ဒိယနဲ့ နယ်စပ်နားက တောင်ပိုင်းလွင်ပြင်မှာ အိမ်ခြေ ၆ သောင်းကျော် ရေအောက်မြုပ်နေတယ်လို့ နီပေါ သတင်းနဲ့ ပြန်ကြားရေးဝန်ကြီးက ပြောပါတယ်။
ဆုံးရှုံးမှုတန်ဖိုးကို မခန့်မှန်းနိုင်သေးပါဘူး။ လတ်တလောနှစ်တွေအတွင်း အဆိုးရွားဆုံး ရေလွှမ်းမှုဒဏ်ကို ခံနေရတဲ့ ရွာတွေဆီ ကယ်ဆယ်ရေးလုပ်သားတွေ မသွားနိုင်သေးပါဘူး။
သြဂုတ် ၁၄ ရက်နေ့ထိ သေဆုံးသူဦးရေ ၇၀ ပြီး တခြားလူအယောက် ၅၀ လောက် ပျောက်ဆုံးနေလို့ သေဆုံးသူဦးရေ မြင့်တက်လာနိုင်တယ်လို့ သတင်းနဲ့ ပြန်ကြားရေးဝန်ကြီးက ပြောပါတယ်။
နိုင်ငံရဲ့ ခရိုင် ၇၅ ခုထဲက ၂၆ ခရိုင်ဟာ ရေအောက်မြုပ်နေပြီး မြေပြိုတဲ့ဒဏ်ကိုပါ ခံထားရတယ်လို့ ကယ်ဆယ်ရေးလုပ်သားတွေက ပြောပါတယ်။
ဗုဒ္ဓဘုရားရှင် ဖွားတော်မူရာနဲ့ ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ရှိရာ ဟိမဝန္တာ တောင်ပေါ်ဒေသ နီပေါနိုင်ငံမှာ လေးရက်ဆက်တိုက် မိုးရွာအပြီး ရုတ်တရက် ရေကြီး မြေပြိုတာတွေ ဖြစ်ခဲ့တာပါ။
စိုက်ပျိုးရေးကို မှီခိုနေရတဲ့ နီပေါနိုင်ငံမှာ ဇွန်လကနေ စက်တင်ဘာထိ မိုးရာသီဟာ အရေးပါပါတယ်။ ဒါပေမယ့် နှစ်စဉ် ရေကြီးမြေပြိုမှုကြောင့် အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးမှုလည်း ကြီးမားပါတယ်။
5 years Ago