နီပေါနိုင်ငံမှာ ရုတ်တရက် ရေကြီး၊ မြေပြိုတာတွေကြောင့် သေဆုံးသူဦးရေဟာ ဇူလိုင် ၁၄ ရက်နေ့မှာ ၅၅ ယောက်ထိ မြင့်တက်လာတယ်လို့ နီပေါအစိုးရက ပြောပါတယ်။
ဇူလိုင် ၁၁ ရက်နေ့ကတည်းက နီပေါနိုင်ငံရဲ့ တောင်တန်းဒေသတွေမှာ မိုးသည်းသည်းမည်းမည်း ရွာနေပြီး နိုင်ငံတလွှားက လမ်း၊ တံတားတွေလည်း ပျက်စီးခဲ့တာကြောင့် ထောင်ချီတဲ့လူတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ကြရပါတယ်။
ဆိုးရွားတဲ့ ရာသီဥတု အခြေအနေအတွင်း လူ ၅၅ ယောက်သေဆုံးပြီး ၃၃ ယောက် ဒဏ်ရာရခဲ့တဲ့အပြင် အယောက် ၃၀ ပျောက်ဆုံးနေဆဲပဲလို့ ပြည်ထဲရေးဝန်ကြီးဌာနက အတည်ပြု ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် အိမ်နီးချင်းဖြစ်တဲ့ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေမှာလည်း အားကောင်းတဲ့ မုတ်သုံမိုးကြောင့် လူသေဆုံးတာတွေနဲ့ ရေဘေးသင့်ပြည်သူ အရေအတွက် မြင့်တက်နေကြပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းနယ်မှာ ရေကြီးလို့ လူ ၁၀ ယောက်သေပြီး အယောက် ငါးသိန်း ဘေးကင်းရာ ရွှေ့ပြောင်းခဲ့ရတယ်၊ ရွာပေါင်း ၂၀၀ ရေအောက်မြုပ်နေတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
အိန္ဒိယနိုင်ငံ အာသံပြည်နယ်မှာတော့ ရေဘေးကြောင့် လူ ၁၀ ယောက် သေဆုံးပြီး ၁ ဒသမ ၅ သန်းထက်မနည်း အိုးအိမ်စွန့်ခွာ ရွှေ့ပြောင်းနေရပါတယ်။
4 years Ago