နီကာရာဂွါ ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ အနိုင်ရ

November 8, 2016

နီကာရာဂွါ ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ အနိုင်ရ

နီကာရာဂွါနိုင်ငံမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်နေ့က ကျင်းပတဲ့ သမ္မတရွေးကောက်ပွဲတွေမှာ လက်ရှိသမ္မတကပဲ အနိုင်ရရှိခဲ့ပြီး တတိယ သမ္မတသက်တမ်းကို ဆက်လက်ထမ်းဆောင်မှာ ဖြစ်ပါတယ်။ မဲရလဒ် ၃ ပုံ ၂ ပုံ ရေတွက်ပြီးချိန်မှာ သမ္မတ ဒယ်နီရယ် အော်တေဂါဟာ မဲရလဒ် ၇၂ ရာခိုင်နှုန်း ရရှိနေပြီး အနီးကပ်ဆုံး ပြိုင်ဘက်က မဲရလဒ် ၁၄ ရာခိုင်နှုန်းကျော်ပဲ ရရှိနေတယ်လို့ ရွေးကောက်ပွဲအာဏာပိုင်တွေက ပြောပါတယ်။ သမ္မတ အော်တေဂါဟာ အရင်က နီကာရာဂွါအာဏာရှင်ကို ဖြုတ်ချခဲ့တဲ့ လက်ဝဲ သူပုန်ခေါင်းဆောင်တဦးဖြစ်ပြီး နိုင်ငံ့စီးပွားရေး တည်ငြိမ်မှုနဲ့ လူမှုဖွံ့ဖြိုးရေး အစီအစဉ်တွေကြောင့် နီကာရာဂွါပြည်သူတွေကြားမှာ ရေပန်းစားတယ်လို့ ဒေသတွင်း သတင်းတွေက ဆိုပါတယ်။ သူနဲ့ တူတူတန်တန်ယှဉ်ပြိုင်မယ့် ပြိုင်ဘက်လည်း မရှိတဲ့အတွက် ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက အနိုင်ရရှိမယ်လို့ အများက မျှော်လင့်ခဲ့ကြပါတယ်။ သမ္မတရဲ့ဇနီးဟာ ဒီရွေးကောက်ပွဲမှာ ဒုတိယသမ္မတအဖြစ် ရွေးချယ်ခံရပါတယ်။ မဲပေးခွင့်ရှိသူအများစု မဲပေးကြတယ်လို့ ရွေးကောက်ပွဲ အနီးကပ်စောင့်ကြည့်သူတွေက ပြောဆိုပေမယ့် အတိုက်အခံတွေကတော့ သမ္မတသက်တမ်း ၄ ကြိမ်ဆက်ယူတာဟာ နိုင်ငံမှာ အာဏာရှင်စနစ် ပိုမိုကြီးထွားလာမှာဖြစ်ပြီး သမ္မတဇနီးကို ဒု-သမ္မတခန့်ထားတာကလည်း မိသားစုအရေးတွေ သိပ်များလွန်းတယ်လို့ ပြစ်တင်ဝေဖန်ကြပါတယ်။ အော်တေဂါဟာ ၁၉၈၄ ခုနှစ်ကလည်း သမ္မတအရွေးခံခဲ့ရတဲ့အတွက် စုစုပေါင်း သမ္မတသက်တမ်း ၄ ကြိမ် ထမ်းဆောင်မှာ ဖြစ်ပါတယ်။
6 years Ago
Up