နီကာရာဂွါနိုင်ငံ

August 9, 2018

နိုင်ငံရေးအကျပ်အတည်းကြောင့် နီကာရာဂွါနိုင်ငံသားများ အိမ်နီးချင်းတိုင်းပြည်တွင် ခိုလှုံခွင့် တောင်းခံနေရ

နီကာရာဂွါနိုင်ငံမှာ ဧပြီလကတည်းက စတင်တဲ့ နိုင်ငံရေးအကျပ်အတည်းကြောင့် နိုင်ငံသားတွေဟာ အိမ်နီးချင်း ကော့စတာရီကာလို နိုင်ငံတွေမှာ နိုင်ငံရေးခိုလှုံခွင့်တောင်းတဲ့ အခြေအနေ တွန်းပို့ခံနေရပါတယ်။ နီကာရာဂွါနိုင်ငံသား ထောင်ချီဟာ နိုင်ငံထဲကနေ ထွက်ခွာနေကြပါတယ်။ သမ္မတ ဒန်နီယယ် အော်တေဂါက ပင်စင်လစာတွေ ဖြတ်တောက်ပြီး အခွန်တိုးကောက်လိုက်တာကြောင့် ဧပြီလကတည်းက ဆန္ဒပြပွဲတွေ ဖြစ်နေတာပါ။ ဒီဆန္ဒပြပွဲတွေအတွင်း လူပေါင်း ၃ဝဝ ကျော် သေဆုံးခဲ့ပြီးဖြစ်ပါတယ်။ ဒါ့ကြောင့် ဆန္ဒပြပွဲကို ဦးဆောင်ခဲ့တဲ့ ကျောင်းသားတွေရဲ့ အခွင့်အရေးအတွက် စိုးရိမ်ကြောင်းနဲ့ နီကာရာဂွါနိုင်ငံထဲက လူ့အခွင့်အရေး အခြေအနေကို အစီရင်ခံစာတင်ပြဖို့ ဝန်ထမ်းတွေကို ညွှန်ကြားထားတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ပြောပါတယ်။ ဖောက်စ်သတင်းရုပ်သံနဲ့ တွေ့ဆုံမေးမြန်းမှုမှာတော့ သမ္မတ အော်တေဂါက နိုင်ငံထဲမှာ အခြေအနေတွေ တည်ငြိမ်နေပြီလို့ ပြောထားသလို ဆန္ဒပြပွဲတွေဟာ နီကာရာဂွါနိုင်ငံကို မတည်ငြိမ်လိုတဲ့ ပြည်ပစွက်ဖက်မှုတွေကြောင့်ဖြစ်တယ်လို့ ပြောပါတယ်။ အမေရိကန် ကွန်ဂရက်စ်လွှတ်တော်နဲ့ အိမ်ဖြူတော်တို့ကတော့ နိုင်ငံတွင်း အခြေအနေတွေ တည်ငြိမ်အောင်လုပ်ဖို့နဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို လေးစားဖို့ သမ္မတ အော်တေဂါကို တိုက်တွန်းထားပါတယ်။
5 years Ago
Up