နီကာရာဂွါသမ္မတ

August 26, 2018

နီကာရာဂွါသမ္မတ ထောက်ခံသူနှင့် ဆန့်ကျင်သူများ ထောင်ချီ ဆန္ဒပြ

နီကာရာဂွါသမ္မတ ဒန်နီယယ်အိုတေဂါအစိုးရကို ထောက်ခံသူနဲ့ ဆန့်ကျင်သူ ထောင်ချီဟာ ဂရန်နာဒါနဲ့ မနာဂွါမြို့တွေမှာ သြဂုတ် ၂၅ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။ ထောက်ခံသူတွေက သမ္မတ ဆက်ပြီးအုပ်ချုပ်ဖို့ တောင်းဆိုခဲ့သလို ဆန့်ကျင်သူတွေကလည်း လူရာချီသေဆုံးခဲ့တဲ့ မတည်ငြိမ်မှုတွေ အဆုံးသတ်ရေး တောင်းဆိုခဲ့ပါတယ်။ ဂရန်နာဒါမြို့မှာတော့ ဆန္ဒပြသူတွေဟာ  ဧပြီလကတည်းက စတင်တဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း သေဆုံးခဲ့ရသူတွေအတွက် တရားမျှတရေး တောင်းဆိုခဲ့ကြပါတယ်။ အစိုးရအဖွဲ့ နုတ်ထွက်ဖို့နဲ့ နိုင်ငံအတွင်း ကွဲပြားမှုတွေ လျော့သွားအောင် ရွေးကောက်ပွဲစောပြီး ကျင်းပပေးဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။ မြို့တော် မနာဂွါမှာတော့ နိုင်ငံသားတွေဟာ သမ္မတကို ထောက်ခံကြောင်း ပြသခဲ့ပါတယ်။ သမ္မတကို ထောက်ခံသူတွေကတော့ သမ္မတကို ဝေဖန်သူတွေဟာ နိုင်ငံ့အာဏာသိမ်းဖို့ ကြံစည်နေတယ်လို့ စွပ်စွဲထားပါတယ်။
3 years Ago

July 9, 2018

ရွေးကောက်ပွဲစောလုပ်ရန် တောင်းဆိုမှု နီကာရာဂွါသမ္မတ ပယ်ချ

နီကာရာဂွါနိုင်ငံတွင်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကြောင့် ရွေးကောက်ပွဲစောလုပ်ဖို့ တောင်းဆိုချက်ကို သမ္မတ ဒန်နီယယ် အော်တေဂါက ဇူလိုင် ၉ ရက်နေ့မှာ ပယ်ချလိုက်ပါတယ်။ ဆန္ဒပြပွဲတွေကို အစိုးရက နှိမ်နင်းခဲ့လို့ အနည်းဆုံး လူ ၃၁ဝ လောက် သေဆုံးခဲ့ပါတယ်။ ရွေးကောက်ပွဲဟာ အခြေခံဥပဒေအရ ငါးနှစ်တကြိမ်သာ လုပ်သင့်တယ်လို့ အော်တေဂါက ပြောပါတယ်။ အာဏာသိမ်းချင်တဲ့ ခေါင်းဆောင်တချို့ရဲ့ အတွေးအခေါ်အရ အခြေခံဥပဒေရဲ့ စည်းမျဉ်းတွေကို ညတွင်းချင်း မပြင်နိုင်ဘူးလို့လည်း သူက ပြောပါတယ်။ သေဆုံးတဲ့ ဆန္ဒပြသူတွေကို လူဆိုးတွေလို့ သူက စွပ်စွဲပြီး ဆန္ဒပြပွဲတွေကိုလည်း နှိပ်စက်တဲ့ဌာန၊ အကြမ်းဖက်ဌာနလို့ သူက စွပ်စွဲပါတယ်။ ဇူလိုင် ၇ ရက်နေ့က နိုင်ငံတွင်း မြို့အတော်များများမှာ အော်တေဂါကို ဆန့်ကျင် ဆန္ဒပြခဲ့ပါတယ်။ ဧပြီ ၁၈ ရက်နေ့က စတဲ့ ဆန္ဒပြပွဲဟာ အစောပိုင်းက လူမှုလုံခြုံရေး ပြုပြင်ပြောင်းလဲမှုကို ဆန့်ကျင်ရင်း စတင်ခဲ့တာပါ။ နောက်ပိုင်းမှာတော့ အာဏာအလွဲသုံးမှုနဲ့ အဂတိလိုက်စားမှု စွဲချက်တွေအတွက် သမ္မတ ရာထူးကနေ ထွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
3 years Ago
Up