နီကာရာဂွါ

June 11, 2019

အစိုးရကို ဆန္ဒမပြဟူသည့် ခံဝန်ဖြင့် နိုင်ငံရေးအကျဉ်းသား ၅၀ ကို နီကာရာဂွါအစိုးရ ပြန်လွှတ်

နီကာရာဂွါနိုင်ငံမှာ အစိုးရကို ဆန့်ကျင်ဆန္ဒမပြပါဘူးဆိုတဲ့ ခံဝန်ချက်နဲ့ နိုင်ငံရေးအကျဉ်းသား အယောက် ၅၀ ကို ဇွန်လ ၁၀ ရက်နေ့က လွှတ်ပေးလိုက်ပါတယ်။ အစိုးရထုတ်ပြန်ချက်မှာ အသစ်ပြဋ္ဌာန်းလိုက်တဲ့ လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေအရ လွှတ်ပေးတယ်လို့ ပြောပေမယ့် အစိုးရဝေဖန်သူတွေနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက အဲဒီဥပဒေသစ်ဟာ ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နှင်းတဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုလည်း လွတ်ငြိမ်းချမ်းသာခွင့် ပြုထားတယ်လို့ ဆိုပါတယ်။ ၂၀၁၈ ဧပြီလက ပထမဆုံး ပေါ်ပေါက်ခဲ့တဲ့ အစိုးရဆန့်ကျင် ဆန္ဒပြပွဲအတွင်း နီကာရာဂွါ အစိုးရဟာ ရာနဲ့ချီတဲ့လူတွေကို ဖမ်းဆီးခဲ့ပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတဲ့ ဖမ်းဆီးခံ ဆန္ဒပြသူတယောက်က ထောင်ထဲမှာ မိသားစုဝင်တွေ ပေးပို့တဲ့ ဆေးဝါးတွေကို မရခဲ့ဘူးလို့ ဆိုပါတယ်။ နောက်ပြီး ထောင်စောင့်တွေဟာလည်း သူတို့ပေးလိုတဲ့အခါမှ ဆေးတွေကို  ပေးတယ်လို့လည်း သူကပြောပါတယ်။ နီကာရာဂွါနိုင်ငံမှာ ငြိမ်းချမ်းရေး ပြန်လည်ရရှိဖို့အတွက် တွေ့ဆုံဆွေးနွေးရေး တစိတ်တပိုင်းအဖြစ် အကျဉ်းသား အယောက် ၆၀၀ လွှတ်ပေးပြီးပြီလို့ တာဝန်ရှိသူတွေက သတင်းထုတ်ပြန်ပါတယ်။
2 years Ago

May 21, 2019

နီကာရာဂွါအစိုးရက နိုင်ငံရေးအကျဉ်းသား ၁၀၀ လွှတ်ပေးမည်ဟု ပြော

နီကာရာဂွါအစိုးရက နောက်ထပ် နိုင်ငံရေးအကျဉ်းသား အယောက် ၁၀၀ ကို လွှတ်ပေးသွားမယ်လို့ မေလ ၂၀ ရက်နေ့မှာ ပြောပါတယ်။ နိုင်ငံရေး ပဋိပက္ခတွေ အဆုံးသတ်ရေး ဆွေးနွေးပွဲ ရပ်ဆိုင်းပြီး အထွေထွေ သပိတ်မှောက်မယ်လို့ အတိုက်အခံတွေက ခြိမ်းခြောက်ပြီးတဲ့နောက် နီကာရာဂွါအစိုးရက အခုလို ကြေညာခဲ့တာပါ။ နိုင်ငံရေးအကျဉ်းသား အယောက် ၁၀၀ ကို လွှတ်ပေးမယ့် အစီအစဉ်ဟာ ဇွန်လ ၁၈ ရက်နေ့အထိ နိုင်ငံရေးအကျဉ်းသား အယောက် ၃၀၀ နီးပါးကို လွှတ်ပေးမယ့် စီမံကိန်း တစိတ်တပိုင်းလို့ အစိုးရက ပြောပါတယ်။ သမ္မတ ဒန်နီရယ် အိုတီဂါက လူမှုဖူလုံရေး အကျိုးအမြတ်တွေကို ဖြတ်တောက်ဖို့ ကြိုးစားခဲ့တဲ့ ၂၀၁၈ ဧပြီလက ထိပ်တိုက်တွေ့ဆုံမှုတွေအတွင်း အစိုးရက ရာနဲ့ချီတဲ့လူတွေကို ဖမ်းဆီးခဲ့ပါတယ်။ သမ္မတ အိုတီဂါ ဦးဆောင်တဲ့ အစိုးရနဲ့ အတိုက်အခံအဖွဲ့ဟာ အကျဉ်းသား အယောက် ၃၀၀ လွှတ်ပေးဖို့ အခုနှစ် အစောပိုင်းက သဘောတူခဲ့ကြပါတယ်။ ဆန္ဒပြပွဲတွေဟာ သူ့ကို ရာထူးက ဖြုတ်ချဖို့ အတိုက်အခံတွေရဲ့ တရားမဝင် အကြံအစည်လို့ သမ္မတ အိုတီဂါက ပြောပါတယ်။ ဒါပေမယ့် အိုတီဂါ အစိုးရဟာ အတိုက်အခံတွေ နှိမ်နင်းရာမှာ လူ့အခွင့်အရေး ချိုးဖောက်ခဲ့တာတွေ ရှိတယ်လို့ ဝေဖန်သူတွေက စွပ်စွဲထားပါတယ်။ နီကာရာဂွါနိုင်ငံမှာ အစိုးရဆန့်ကျင် ဆန္ဒပြပွဲတွေ စတင်ပေါ်ပေါက်ခဲ့တဲ့ ၂၀၁၈ ကတည်းက လူပေါင်း ၃၀၀ ကျော်သေဆုံးပြီး နောက်ထပ် နိုင်ငံသား ၆ သောင်းလောက်ဟာလည်း ပြည်ပကို ထွက်ပြေးခဲ့ကြတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။
2 years Ago
More News
Up