နိုဝင်ဘာလကုန်အထိ ထပ်ပိတ်

October 27, 2020

နိုင်ငံတကာလေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံ ဝင်ရောက်ခွင့် နိုဝင်ဘာလကုန်အထိ ထပ်ပိတ်

နိုင်ငံတကာခရီးသည်တင်လေကြောင်းခရီးစဉ်တွေ မြန်မာနိုင်ငံမှာ ပျံသန်းဆင်းသက်တာကို ယာယီကန့်သတ်ထားတဲ့ ကာလကို နိုဝင်ဘာ ၃၀ ရက် မြန်မာစံတော်ချိန် ၂၃:၅၉ နာရီအထိ ထပ်မံ တိုးမြှင့်သတ်မှတ်လိုက်တယ်လို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၆ ရက်မှာ ကြေညာပါတယ်။ မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ဖို့ဆောင်ရွက်ရာမှာ နိုင်ငံတကာမှ လေကြောင်းခရီးစဉ်တွေနဲ့ ခရီးသည်တွေ ဝင်ရောက်လာမှုကို ကန့်သတ် ထိန်းချုပ်နိုင်ရေးဟာ များစွာအရေးပါတဲ့အတွက် ခုလို လုပ်ဆောင်လိုက်တာလို့ ဆိုပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မတ်လ ၂၉ ရက်ကစတင် ထုတ်ပြန်ခဲ့တဲ့ နိုင်ငံတကာခရီးသည်တင်လေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းကို ယာယီ ကန့်သတ်ခြင်းဆိုင်ရာ ညွှန်ကြားချက်ကို ကိုဗစ်-၁၉  ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ ခွင့်ပြုချက်နဲ့ ခုလို ထပ်မံတိုးမြှင့် သတ်မှတ်လိုက်တာလို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ နိုင်ငံတကာခရီးသည်တင်လေကြောင်းခရီးစဉ်တွေ မြန်မာနိုင်ငံကို လာရောက်ခွင့် ပိတ်ထားတဲ့အတွက် ပြည်ပနိုင်ငံတွေမှာ ပိတ်မိနေတဲ့ နေရပ်ပြန်လိုတဲ့ မြန်မာနိုင်ငံသားတွေကိုတော့ အစိုးရအစီအစဉ်နဲ့ ကယ်ဆယ်ရေးလေယာဉ်တွေ စေလွှတ်ပြီး ပြန်လည်ခေါ်ယူနေတာ ရှိပါတယ်။ ၂၀၂၀ ဖေဖော်ဝါရီ ၂ ရက်မှ အောက်တိုဘာ ၂၀ ရက်အထိ လေကြောင်းလိုင်းတွေကနေ ဝင်ရောက်လာသူ မြန်မာနိုင်ငံသား  ၂၂,၆၀၄ ဦးနဲ့ နိုင်ငံခြားသား ၄,၃၄၁ ဦး၊ စုစုပေါင်း ၂၆,၉၄၅ ဦးရှိတယ်လို့ ဒုသမ္မတ ဦးမြင့်ဆွေက ပြောထားပါတယ်။ ဓာတ်ပုံ- MNA
1 year Ago
Up