နိုင်ငံအနောက်မြောက်ပိုင်း

January 27, 2020

နိုင်ငံအနောက်မြောက်ပိုင်း မြို့အတော်များများကို ဆီးရီးယားအစိုးရတပ်များ ထိန်းချုပ်နိုင်

ဆီးရီးယား အစိုးရတပ်တွေဟာ နိုင်ငံအနောက်မြောက်ပိုင်းက အိဒလစ်ဘ်ခရိုင်တွင်း မြို့အတော်များများကို ထိန်းချုပ်ခဲ့ပြီးပြီလို့ စစ်ပွဲကို စောင့်ကြည့်သူတွေနဲ့ အစိုးရ မီဒီယာက ဇန်နဝါရီ ၂၆ ရက်မှာ ပြောပါတယ်။ သူပုန်တွေရဲ့ နောက်ဆုံးခြေကုပ်ကို ပြန်သိမ်းပိုက်ဖို့ သမ္မတ ဘတ်ရှားအယ်လ် အာဆတ်က တွန်းအားအသစ် ပေးခဲ့တာပါ။ ၉ နှစ်ကြာ ဆီးရီးယား ပြည်တွင်းစစ်ရဲ့ နောက်ဆုံးခြေကုပ်ကနေ သူပုန်တွေကို ရှင်းထုတ်ဖို့ ရည်ရွယ်ချက်နဲ့ ရုရှားနဲ့ ဆီးရီးယားတပ်တွေက လေကြောင်းတိုက်ခိုက်တာတွေ တိုးလုပ်ခဲ့လို့ လတ်တလော သီတင်းပတ်တွေအတွင်း အိဒလစ်ဘ်ခရိုင်ကနေ ထောင်သောင်းချီတဲ့လူတွေ ထွက်ပြေးခဲ့ကြပါတယ်။ ကျန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဆီးရီးယား အစိုးရတပ်တွေက မြို့ ၆ မြို့ သိမ်းပိုက်ခဲ့တယ်လို့ စစ်ပွဲ စောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့က တနင်္ဂနွေနေ့မှာ ပြောပါတယ်။ ဒမတ်စကတ်မြို့နဲ့ အလဲ့ပိုမြို့တွေကို ချိတ်ဆက်ထားတဲ့ အဝေးပြေးလမ်းပေါ်က အိဒလစ်ဘ်မြို့ရဲ့ ဗျူဟာမြောက် အချက်အချာနေရာ မားရတ် အယ်လ်နူမန် ရပ်ကွက်ရဲ့ အစွန်အဖျားတွေကို အာဆတ်ရဲ့ တပ်တွေက သိမ်းနိုင်ဖို့ အစိုးရတပ်က ထိုးစစ်ဆင်သလို ရုရှားက အကြီးအကျယ် လေကြောင်း ပစ်ကူပေးခဲ့တယ်လို့ အဲဒီအဖွဲ့က ပြောပါတယ်။ ဆီးရီးယားစစ်ပွဲမှာ ရုရှားနဲ့ တူရကီတို့က ဆန့်ကျင်ဘက်အဖွဲ့တွေကို ကျောထောက်နောက်ခံပေးထားပြီး ဇန်နဝါရီ ၁၂ ရက်က အပစ်အခတ်ရပ်စဲကြောင်း သဘောတူထားပေမယ့် သူပုန်တွေ ထိန်းချုပ်ထားတဲ့ ပိုင်နက်တွေကို ထိုးစစ်ဆင်မှု တိုးနေပါတယ်။
1 year Ago
Up