နိုင်ငံသားများ ဆန္ဒပြ

January 12, 2020

ထိုင်းဝန်ကြီးချုပ်နှင့်အစိုးရကို နိုင်ငံသားများ ဆန္ဒပြ

ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်က လုမ္ဗနီပန်းခြံနဲ့ စွမ်ရော့ဖိုင်ပန်းခြံတွေမှာ ထောင်နဲ့ချီတဲ့ လူတွေ စုရုံးပြီး လက်ရှိဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနဲ့သူ့အစိုးရကို ဇန်နဝါရီ ၁၂ ရက်မှာ ဆန့်ကျင် ဆန္ဒပြနေပါတယ်။ သူတို့ဟာ နိုင်ငံရေးလွတ်လပ်ခွင့် ပိုပေးဖို့ တောင်းဆိုနေကြတာပါ။ ဒါဟာ အငြင်းပွားစရာအထွေထွေရွေးကောက်ပွဲအပြီး တနှစ်မပြည့်ခင်မှာ အစိုးရကို ဆန့်ကျင်ဆန္ဒပြတာလည်း ဖြစ်ပါတယ်။  ပရာယွတ်ဟာ စစ်ဗိုလ်ချုပ်ကြီးဟောင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ အာဏာသိမ်းခဲ့သူလည်း ဖြစ်ပါတယ်။  အဲဒီနောက် စစ်အစိုးရကို ငါးနှစ်ကြာ ဦးဆောင်ခဲ့ပြီး မတ်လရွေးကောက်ပွဲမှာ အရပ်သား ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။  အာဏာရှင်ကို ဆန့်ကျင်တဲ့အနေနဲ့ အပြေးလေ့ကျင့်စို့ဆိုတဲ့ လှုပ်ရှားမှုကို ဦးဆောင်သူနဲ့ ကျောင်းသား တက်ကြွလှုပ်ရှားသူ တာနာဝပ် ဝုန်ချိုင်က “ကျနော်တို့ဟာ ဒီမိုကရေစီ အစိုးရ စစ်စစ်ကိုသာ လိုချင်တယ်၊ ရုပ်ဖျက်ထားတဲ့ အာဏာရှင်စနစ်ကို မလိုချင်ဘူး” လို့ ပြောပါတယ်။  ပရာယွတ်ကို ဆန့်ကျင်သူတွေက စစ်တပ် ကျောထောက်နောက်ခံပေးထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်မှာ ကျင်းပခဲ့တဲ့ မနှစ်က ရွေးကောက်ပွဲရဲ့ မျှတမှုကို မေးခွန်းထုတ်ခဲ့ကြ ပါတယ်။ ဆန္ဒပြပွဲမှာ ပူးပေါင်းသူတွေ အရေအတွက်ဟာ စာရင်းပေးသွင်းမှုအရ လူတသောင်းလောက် တက်ရောက်ခဲ့တယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။ ထိုင်းနိုင်ငံအတွင်း တခြားခရိုင်တွေမှာလည်း အလားတူပွဲစဉ်တွေကို တပြိုင်နက်တည်း ကျင်းပမယ်လို့ ပွဲစီစဉ်သူတွေကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းဌာနက အစီရင်ခံခဲ့ပါတယ်။
1 year Ago
Up