နိုင်ငံရေး အလေဏတော ဗြုတ်စဗျင်းတောင်း

January 18, 2022

နိုင်ငံအရေး ‘အလေဏတော ဗြုတ်စဗျင်း‌တောင်း’ က ကင်းဝေးဖို့ဆိုရင်

အစဉ်အလာကတော့ ‘နိုင်ငံအရေး ပေါက်နဲ့ကြေး’ လို့ ဆိုကြတယ်။ အချို့ကတော့ ‘တိမ်တောင်သဖွယ် မင်းရေးကျယ်’ လို့ တင်စားပြောကြတယ်‌။ ဒါကတော့ သိက္ခာရှိရှိ ပရိယာယ်ဆင်တတ်တဲ့သဘော ပါနေတယ်။ 

လက်ရှိ မြန်မာ့အရေးကတော့ အဲဒီလို သိက္ခာရှိရှိ ပရိယာယ်သဘောထက် ‘အလေနတော ဗြုတ်စဗျင်းတောင်း’ ပိုဆန်နေသလားလို့ စဉ်းစားမိပါရဲ့။ ဒါကလည်း အာဏာလုယူကတည်းက အလေဏတော ဗြုတ်စဗျင်းတောင်း လုပ်ရပ်ဖြစ်ခဲ့တာကိုး။

‘ဗြုတ်စဗျင်းတောင်း’ လို့ ပြောရတာက အင်္ဂလိပ်လို Catch- All Parties ကို ဆရာမောင်ဝံသက မြန်မာမှု ပြုထားဖူးတယ်။ အဲဒါကို ယူသုံးလိုက်တာ။ ‘ဗြုတ်စဗျင်းတောင်းပါတီ’ ဆိုတာ မူဝါဒအခိုင်အမာမရှိဘဲ ရွေးကောက်ပွဲဝင်ခါနီးမှ နီးစပ်ရာလူစုပြီး ကြုံသလို ကြွေးကြော်ဝင်ရောက်လာတဲ့ ပါတီအဖွဲ့အစည်းတွေကို ခေါ်တာပါ’။

‘အလေဏတော’ ကတော့ စာရေးသူ ထပ်ဖြည့်တာ။ ထပ်ဖြည့်လိုက်ရတဲ့ အကြောင်းခံက ‘အလေဏတော ဗြုတ်စဗျင်းတောင်း’တို့ရဲ့ မြန်မာ့နိုင်ငံရေးကို ဗြုတ်စဗျင်းတောင်းဖြစ်အောင်ဝ ဝင်ရောက်နှောင့်ယှက်ဖို့ အစပြုခဲ့တာက ၂၀၂၀ မတ်လ ၂၂ ရက်နေ့မှာ စတင်ခဲ့တယ်လို့ ဆိုနိုင်တယ်။ 

အဲဒီနေ့မှာ ပထမအကြိမ်တွေ့ဆုံပြီး ဒုတိယအကြိမ် တွေ့ဆုံကြတာက ၂၀၂၀ ဩဂုတ်လ ၁၄ ရက်နေ့ပေါ့။ ရွေးကောက်ပွဲမတိုင်မီလေးမှာ ကာကွယ်ရေးဦးစီးချုပ်အဖွဲ့နဲ့ တွေ့ခဲ့ကြတာ။ အဲဒီမှာပဲ အလေနတော စစ်အုပ်စုနဲ့ ဗြုတ်စဗျင်းတောင်းပါတီတွေ တွေ့ဆုံကြရာက ‘မြန်မာ့နိုင်ငံရေးဟာ အလေနတော ဗြုတ်စဗျင်းတောင်း’ ဝဲဂယက်ထဲ ရောက်လာခဲ့တော့တာပါပဲ။ ဒါကြောင့် ‘အလေဏတော’ကို လိုအပ်ချက်အရ ဖြည့်လိုက်ရတာ။ အဲဒါ မြန်မာ့အရေး ‘အလေနတော ဗြုတ်စဗျင်းတောင်း’ ဖြစ်ရခြင်းရဲ့ အကြောင်းခံပဲ။

ပထမအကြိမ် တွေ့ဆုံတော့ ဗြုတ်စဗျင်းတောင်းပါတီ ၃၂ ပါတီလို့ ဆိုပါတယ်။ ဒုတိယအကြိမ် တွေ့ကြတော့ ၃၄ ပါတီ ဖြစ်လာတယ်။ အဲဒီပွဲမှာ စစ်အုပ်စုဘက်က ဗိုလ်မင်းအောင်လှိုင်၊ ဗိုလ်စိုးဝင်းနဲ့ အဖွဲ့တွေရယ် သတင်းအမှန်ပြန်ကြားရေး ဗိုလ်ဇော်မင်းထွန်းတို့ တက်ရောက်ခဲ့ကြတယ်။ အဲဒီ အလေနတော စစ်အုပ်စုနဲ့ ဗြုတ်စဗျင်းတောင်းပါတီ ၃၄ ခုတို့ တွေ့တဲ့ပွဲကနေ ‘မစားရတဲ့အမဲ သဲနဲ့ပက်ဖို့’ အလေနတော ဗြုတ်စဗျင်းတောင်း အကြံကို အကောင်အထည်ဖော်ဖို့ ဖြစ်လာခဲ့တာပဲ။ အဲဒီ ‘အလေနတောနဲ့ ဗြုတ်စဗျင်းတောင်း’ တို့ တွေ့ဆုံပွဲ ရလဒ်ကနေ ပေါ်ထွက်လာတဲ့ နိုင်ငံရေးဖြစ်တာကြောင့် ‘အလေဏတော ဗြုတ်စဗျင်းတောင်း နိုင်ငံရေး’ လို့ ခေါင်းစဉ်တပ်လိုက်ရတာပါပဲ။

ဆွေးနွေးပွဲမှာတော့ NLD ကနေ ခွဲထွက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအင်အားစု (NDF) က ဦးခင်မောင်ဆွေ။ NLD နဲ့ NDF ကနေ ခွဲထွက်ခဲ့တဲ့ ‘အမျိုးသားဒီမိုကရေစီပါတီသစ်’ ဥက္ကဋ္ဌ ဦးသိန်းညွန့်။ NLD ကနေ ထွက်ခွာခဲ့ရတဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ပုံတူကိုယ်ပွား’ ကလုန်း(Clone)တခုဖြစ်တဲ့ ‘အမျိုးသားတိုးတက်ရေးပါတီ’ ဥက္ကဋ္ဌလည်းဖြစ်၊ ဗိုလ်သိန်းစိန်အစိုးရရဲ့ အကြံပေးလည်းဖြစ်ခဲ့ဖူးတဲ့ ဗိုလ်နေဇင်လတ်တို့က ပါဝင်ဆွေးနွေးခဲ့ကြသတဲ့။

၃၄ ပါတီစာရင်းကိုတော့ မဖော်ပြတော့ဘူး။ ဆွေးနွေးကြတာလေးတွေကိုတော့ အနည်းငယ်ပြောဖို့ လိုမယ် ထင်တယ်။ ဦးခင်မောင်ဆွေကတော့ “ရွေးကောက်ပွဲကော်မတီရဲ့ မူမမှန်မှုတွေ ရှိတယ်။ လိုအပ်ရင် ရွေးကောက်ပွဲကော်မတီကို အစားထိုးဖို့”အတွက် ကာ/ချုပ်ကို တင်ပြသတဲ့။ ဦးသိန်းညွန့်ကတော့ “ရခိုင်အရေးနဲ့ ကာ/လုံခေါ်ရေး”ကို တင်ပြဆိုပဲ။ အဲဒီလို ဝင်ရောက်ဆွေးနွေးတဲ့ ဗြုတ်စဗျင်းတောင်းပါတီ ၁၈ ပါတီအထိ ရှိတယ်။ အဲဒီအထဲက အဆိုးဝါးဆုံး တင်ပြသူကတော့ ဗိုလ်နေဇင်လတ်ပေါ့။ 

ဗိုလ်နေဇင်လတ်ရဲ့ အမေးနဲ့ အဆိုပြုချက်က “အားလုံး မျှော်လင့်တဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မလာခဲ့ပါက တပ်မတော်အနေနဲ့ ဘယ်လို တာဝန်ယူမှာလဲ”လို့ မေးတယ်။ အမေးနဲ့ အာဏာသိမ်းရေးကို အဆိုပြုလိုက်တဲ့ သဘောပါပဲ။ ဗိုလ်နေဇင်လတ်မှ မဟုတ်ပါဘူး။ ပါဝင်ဆွေးနွေးသူအများစုရဲ့ ဆွေးနွေးချက်တွေအားလုံးနီးပါးကလည်း ဒီသဘောဆန်အောင် ဖော်ညွှန်းအဆိုပြုကြတာပါပဲ။ ဗိုလ်နေဇင်လတ်ရဲ့ အမေးနဲ့ အဆိုပြုချက်ကိုတော့ ဗိုလ်မင်းအောင်လှိုင်က “ကျုပ် မလုပ်ရဲတာ ဘာမှမရှိဘူး”ဆိုတဲ့ လူမိုက်လူရမ်းကားဆန်ဆန် အဖြေပေးခဲ့တယ်။

ဗိုလ်နေဇင်လတ်ရဲ့ အမေးနဲ့ အဆိုပြုချက်ဟာ မြန်မာ့နိုင်ငံရေးအဝန်းအဝိုင်းကြားမှာ ဝေဖန်သုံးသပ်သံတွေ ဆူညံသွားခဲ့တယ်။ “နေဇင်လတ် စကားဟာ မြန်မာနိုင်ငံရေးက ဆုတ်ခွာရန် လိုအပ်နေတဲ့ စစ်တပ်ကို နိုင်ငံရေးထဲပိုမို ပါဝင်လာအောင် တွန်းအားပေးခြင်း ဖြစ်တယ်” လို့ ပညာရှိဆန်တဲ့ စကားလုံးကို ရွေးချယ်သုံးသပ်ဝေဖန်လာခဲ့ကြတယ်။ တချိန်တည်းမှာပဲ ဗိုလ်မင်းအောင်လှိုင်ရဲ့ “ကျုပ် မလုပ်ရဲတာ ဘာမှမရှိဘူး။ ဘာမဆိုလုပ်ရဲတယ်” ဆိုတဲ့ လူမိုက်ဂိုဏ်းဆန်ဆန် ခြိမ်းခြောက်တဲ့လေသံ ပါနေတာကြောင့် အာဏာသိမ်းနိုင်တယ်ဆိုတဲ့ စိုးရိမ်စိတ်နဲ့ မရဲတရဲ ဝေဖန်ကြတာတွေလည်း ရှိရဲ့။

ရှမ်းတိုင်းရင်သားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အထွေထွေအတွင်းရေးမှူး စိုင်းလိခ်ကတော့ “နိုင်ငံရေးပါတီ ဆိုတာ နိုင်ငံရေးဘောင်ကိုချဲ့ပြီး လူထုလူတန်းစားကို ကိုယ်စားပြုပြီး ဒီမိုကရေစီ ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြတဲ့သူတွေ ဖြစ်တယ်။ အဲဒီတော့ နိုင်ငံရေးဘောင်ကို ချဲ့ရမယ့်အစား စစ်ဘောင်ကို သွားပြီးချဉ်းကပ်တဲ့အနေအထားမှာ သိပ်တော့ သဘာဝမကျဘူး”လို့ ဝေဖန်ခဲ့တယ်။ 

တိုတိုပဲ ဆိုကြစို့ရဲ့။ ဒီလိုနဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အလေနတောစစ်အုပ်စုက အာဏာကို လုယူလိုက်တော့တယ်။ အဲဒီမှာ ကျောင်းသားပြည်သူအများစုက အလေနတောစစ်အုပ်စု အာဏာလုယူတာကို ဆန့်ကျင်ဆန္ဒပြရင်း လူမဆန်တဲ့ ပစ်ခတ်နှိမ်နင်းမှုတွေကြောင့် လူငယ် GZ တွေက လက်နက်ကိုင် ဆန့်ကျင်တဲ့အထိ ဖြစ်လာခဲ့တယ်။

အလေနတော စစ်အုပ်စုလက်ထက်မှာ မြန်မာပြည်အနှံ့ ပြည်သူ့ကာကွယ်ရေး (PDF) လက်နက်ကိုင် အဖွဲ့သစ် ပေါ် လာခြင်းပဲ။ သူတို့ကြွေးကြော်သံက “ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ရေး”ပဲ ဖြစ်တယ်။ 

အလေဏတောစစ်အုပ်စုက အာဏာကို လုယူလိုက်တာကြောင့် အဓိကပျက်စီးဆုံးရှုံးမှုတွေကတော့ စစ်အာဏာရှင်ရဲ့ ခံတပ်ဖြစ်တဲ့ ‘အလေဏတောနဲ့ ဗြုတ်စဗျင်းတောင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ’ ပျက်သုဉ်းခြင်းပဲ။ နောက်တခုကတော့ ‘အလေဏတောနဲ့ ဗြုတ်စဗျင်းတောင်း နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး (NCA)’ လည်း ပျက်စီးသွားခြင်းပဲ ဖြစ်တယ်။ စစ်လော်ဘီအဖွဲ့အစည်း တချို့လည်း ခေါင်းထောင်လာသလို ပီဒီအပ်ဖ်တွေ ပေါ်လာတော့ စစ်ဘင်ခရာ ဝိုင်းတော်သားတွေလည်း သာလာယံဇရပ်ကို ပစ်လို့ ရပ်ကြီးတွေဆီ နားခိုကြ။ တကယ့် ဗြုတ်စဗျင်းတောင်း အခြေအနေပါပဲ။ ရှိနေစေချင်တဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်းကတော့ ဟန်မပျက် ရှိနေဆဲပါ။

ပဋိပက္ခဖြစ်ပြီဆိုရင် အနည်းဆုံး ဘက်နှစ်ဘက် ပေါ်လာစမြဲပဲ။ အခုလည်း ပြည်သူလူထု မျက်နှာမူရာဘက်နဲ့ အလေနတော စစ်အုပ်မျက်နှာမူရာ ဘက်နှစ်ခု ပေါ်လာတယ်။ အလေဏတော ဗြုတ်စဗျင်းတောင်း NCA အိမ်မက်က မနိုးထနိုင်သေးတဲ့သူတွေဟာလည်း အလိုလျောက် အလေနတော စစ်အုပ်စုဘက် မျက်နှာမူသလို ဖြစ်သွားတယ်။ မသာလောင်းတွေပေါ်မှာ အကျိုးစီးပွားရှာပြီး ဖဲဝိုင်းထောင်စားတတ်တဲ့ ငြိမ်းချမ်းရေးအုပ်စု (MPC) တွေကလည်း အလေနတော စစ်အုပ်စုဘက် မျက်နှာမူလာပြီး အကျိုးစီးပွားရှာလာတယ်။ စစ်နဲ့ ငြိမ်းချမ်းရေးရှိမှ စားရသောက်ရမယ့် အခြေအနေပေကိုး။ အလေနတော စစ်အုပ်စုရှိမှ စစ်ပွဲဟာ တာရှည်ခိုင်မြဲနိုင်ပေတာ။

ဗြုတ်စဗျင်းတောင်းပါတီတွေကလည်း ရိုးရိုးသားသား ယှဉ်ပြိုင်လို့ မဲမနိုင်မှန်း သိတော့ အလေနတော စစ်အုပ်စု အလိုကျ ‘ပီအာ’ရွေးကောက်ပွဲစနစ် လုပ်ဖို့ တက်ညီလက်ညီ ထောက်ခံလာတာလည်း တွေ့နေရတယ်။ အလေနတော စစ်အုပ်စုကလည်း သူတို့ အာဏာမစွန့်ရရေးအတွက် ပီအာ အာဏာကို မျှော်လင့်ချက်ပေး စိုင်းပြင်းလာတယ်။ ဒါဟာ  ဗြုတ်စဗျင်းတောင်း ပီအာနဲ့ အလေနတောစစ်အုပ်စုတို့ နိုင်ငံရေးအခင်းအကျင်းတခုပါပဲ။

ဒါကြောင့် ဒီနေ့ ပစ္စက္ခ နိုင်ငံရေး အခြေအနေကိုပြောရရင် ‘အလေဏတော ဗြုတ်စဗျင်းတောင်း နိုင်ငံရေးအုပ်စုနဲ့ သိက္ခာရှိရှိ ဓမ္မဘက်တော်သား သိက္ခာရှင်အဖွဲ့’ တို့ရဲ့တိုက်ပွဲလည်း ဖြစ်တယ်။ အားပြိုင်ပွဲလည်း ဖြစ်တယ်။ လူထုအဖို့ကတော့ မိကျောင်းကန်ထဲ လှေပြိုင်ပွဲ ကျင်းပနေရသလိုပါပဲ။ 

မြန်မာ့နိုင်ငံရေးပဋိပက္ခရဲ့ သရုပ်မှန်က ဒီနှစ်ခု အားပြိုင်နေတာပဲ။ အဲဒီအထဲမှာ ‘ကိုယ် ဘယ်ဘက်က ရပ်မလဲ’ ဆိုတာ ကိုယ်ကျင်လည်ရာ ခေတ်ကာလက ကိုယ့်ပခုံးပေါ် တင်ပေးလိုက်တဲ့ တာဝန်မို့ ကိုယ့်သမိုင်းတခုသာ ဖြစ်နေတယ်။ အလေဏတော ဗြုတ်စဗျင်းတောင်း နိုင်ငံရေးဘက်မှာ နေမလား။ သိက္ခာ သမာဓိရှိတဲ့ ပြည်သူဘက်မှာ နေမလား။ ငါတို့ရဲ့ ဒီတော်လှန်ရေးကြီး အောင်မြင်ဖို့အတွက် တိကျသေချာတဲ့ ဘက်လိုက်မှုတော့ ရှိရလိမ့်မယ်။ 

အလေဏတော ဗြုတ်စဗျင်းတောင်းတို့ရဲ့ဘက်က အားသာလာခဲ့ရင်တော့ တနိုင်ငံလုံးရဲ့ ကံကြမ္မာဟာ အလေဏတော ဗြုတ်စဗျင်းတောင်းတို့ရဲ့ လွှမ်းမိုးချုပ်ကိုင်မှုအောက်မှာ အလေနတော စစ်ကျွန်နဲ့ ဗြုတ်စဗျင်းတောင်းပါတီတွေ၊ အလေဏတော အဖွဲ့အစည်းတွေရဲ့ ကျွန်အဖြစ် အသုံးတော်ခံကြရမှာပဲ ဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် ‘နိုင်ငံရေး အလေဏတော ဗြုတ်စဗျင်းတောင်း’ လို့ အမည်ရှေ့မှာ အတပ်မခံနိုင်ရင်တော့ သိက္ခာသမာဓိရှိတဲ့ ပြည်သူဘက်မှာ အစဉ်ထာဝရ ရပ်တည်ကြဖို့ လိုလိမ့်မယ်။ 

မြန်မာပြည်သူအပေါင်း ‘အလေဏတော ဗြုတ်စဗျင်းတောင်း’အုပ်စုဘေးမှ ကင်းဝေးဖို့၊ အလေနတော စစ်လော်ဘီတိုရဲ့ လမ်းညွှန်အမှားကို ရှောင်လွှဲဖို့။ “အလေဏတော ဗြုတ်စဗျင်းတောင်းနိုင်ရေး”ဘဝက ကင်းဝေးဖို့ဆိုရင် လူငယ်တော်လှန်ရေးသမားတွေ ကြွေးကြော်ကြတဲ့အတိုင်း “စစ်အာဏာရှင်စနစ်” ကို အပြီးတိုင်အမြစ်ဖြတ်ဖို့ဟာ လိုအပ်ချက်တခုပင် ဖြစ်နေပါတော့တယ်။ 

ဒါကြောင့် “ပင်စည်အကိုင်းအခက်တွေကို ခုတ်ဖြတ်တာ မဟုတ်၊ အမြစ်ကို တူးထုတ်ရတဲ့ တော်လှန်ရေး” မှာ အတိုင်းအတာတခုအထိ အချိန်ပေးခဲ့ရရင်လည်း သည်းခံနားလည်ပြီး ဇွဲစိတ်သန်သန်နဲ့ ခုခံတွန်းလှန်ကြရမှာပဲ ဖြစ်တယ်။ ဒီလို အမြစ်ကနေ တူးထုတ်နိုင်မှ ‘အလေဏတော စစ်အာဏာရှင်စနစ်ကြီး’နဲ့ ကင်းဝေးပြီး ‘အလေနတော ဗြုတ်စဗျင်းတောင်း နိုင်ငံရေး’ကို ဖြတ်ကျော်နိုင်မှာ ဖြစ်တယ်။

မြန်မာပြည်သူအပေါင်း သိက္ခာ သမာဓိတည်တဲ့ နိုင်ငံရေးကို လျှောက်လှမ်းနိုင်ကြပါစေသတည်း။

ဂန္ထဝင်မောင်ထူး

5 months Ago
Up